အိမ်ကွင်းမှာ နယူးကာဆယ်ကို အနိုင်ယူခဲ့ပါတယ်။

ဒီနေ့ညနေ ၆း၀၀ နာရီက ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲမှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းက အန်ဖီးလ်မှာ နိုင်ပွဲရယူခဲ့ပြီး ရာသီဖွင့်ပွဲ ၅ ပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ လီဗာပူးလ်အတွက်တော့ ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲဆက်တိုက်အနီုင်ရရှိခဲ့မှုဖြစ်ပြီး အာဆင်နယ် နဲ့ မန်စီးတီးတို့ရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်ဟာ ပြိုင်ဘက်အသင်းတစ်သင်းတည်းကို ဂိုးပေါင်း ၁၀၀ နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်အသင်းလည်းဖြစ်လာခဲ့ပြီး နယူးကာဆယ်တစ်သင်းတည်းကို ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ကျော်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အတွက် နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ မာနေးဟာလည်း အိမ်ကွင်းမှာ လီဗာပူးလ်နဲ့အတူ ရှုံးပွဲမရှိခဲ့တာ ၃၄ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ ဖာမီနိုကို ကလော့ပ်က အနားပေးထားပြီး အော်ရီဂီကို ထည့်သွင်းခဲ့ပေမယ့် အော်ရီဂီ ဒဏ်ရာရသွားချိန်မှာ ဖာမီနိုကို လူစားလဲလှယ်ခဲ့ပါတယ်။ ဖာမီနို ဝင်ရောက်ခဲ့ပြီးနောက် လီဗာပူးလ်တိုက်စစ်ပိုင်းက သိသိသာသာ ကစားအားကောင်းသွားခဲ့ပြီး မာနေးနဲ့ ဆာလာတို့လည်း ကစားပေါက်ချောင်ခဲ့ပြီး နယူးကာဆယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အနေနဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာကလွဲလို့ လီဗာပူးလ်ကို ဘယ်နေရာမှာမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် လီဗာပူးလ်က ပုံမပျက်သွားခဲ့ပဲ အချိန်တန်ဂိုးရမယ်ဆိုတဲ့အနေအထားနဲ့ နယူးကာဆယ်ကို ကစားသွားခဲ့ပြီး ဂိုးတွေပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ ခံစစ်ပိုင်းတော်တော်လေးကောင်းမွန်ခဲ့တဲ့ လီဗာပူးလ်တို့ ဒီရာသီမှာတော့ တစ်ပွဲကို တစ်ဂိုးနှုန်းပေးနေရတာကတော့ အားနည်းမှုတစ်ခုအဖြစ်ရှိနေခဲ့ပါတယ်။

နယူးကာဆယ်အတွက် ဝီလမ်က ၇ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမယ့် မာနေးက ၂၈ မိနစ် နဲ့ ၄၀ မိနစ်တို့မှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့ပါတယ်။ ၇၂ မိနစ်မှာတော့ ဖာမီနိုရဲ့ ဖန်တီးပေးမှုကနေ ဆာလာက အသာအယာကန်သွင်းပြီး လီဗာပူးလ်အတွက် နောက်ထပ်ဦးဆောင်စေခဲ့ပြီး ပွဲအပြီးမှာ လီဗာပူးလ်က ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က