ခုနောက်ပိုင်းမှာ Night Life တွေခေတ်စားလာတာနဲ့ အမျှ လူငယ်တွေဟာ အရက်သေစာမူးယစ်ဆေးဝါးတွေကို အလွယ်တကူသုံးစွဲလာကြသလို လိင်ဆက်ဆံမှုကိုလည်း ပေါ့ပေါ့ပါးပါး ပြုလုပ်လာကြပါတယ်။ ဒီလို လွယ်လင့်တကူအရာရာ ရနေတဲ့အချိန်မှာ ဘေးကင်းလုံခြုံမှုမရှိတဲ့ လိင်ဆက်ဆံမှုတွေလည်း ပြုလုပ်လာကြပါတယ်။ ဒါဟာ ကျန်းမာရေးအတွက်ရော လူမှုဘဝအတွက်ပါ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေကို ရလာစေတော့တာပါပဲ။
Unsafe sex ဆိုတာ ဘာလဲ
Unsafe sex ဆိုတာကတော့ စိတ်ချလုံခြုံမှုမရှိတဲ့ လိင်ဆက်ဆံခြင်းဖြစ်ပါတယ်။ ဘယ်လိုလိင်ဆက်ဆံခြင်းမျိုးမဆို ကွန်ဒုံး ဒါမှမဟုတ် ကွန်ဒုံးနဲ့ ခေတ်မီသားဆက်ခြား နည်းလမ်းတစ်ခုခု အသုံးမပြုထားခြင်း၊ မုဒိန်းကျင့်ခံရခြင်းကလည်း Unsafe sex ပါပဲ။
Unsafe sex ကနေ မကာကွယ်နိုင်တဲ့အရာများ
Unsafe sex ကနေတစ်ဆင့် လိင်ဆက်ဆံမှုကနေ ကိုယ်ဝန်ရသွားတာတွေ၊ နောက်ပိုပြီး အရေးကြီးတာကတော့ ရောဂါပိုး ကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုအချိန်တွေမှာ Unsafe sexကို ကြုံလာရနိုင်လဲ
ပုံမှန်အားဖြင့် မိမိအသိစိတ်ရှိနေတဲ့ အချိန်မျိုးမှာတော့ ဒါတွေကို ကာကွယ်ပေးဖို့ အကာအကွယ် ပေးနိုင်မယ့် အရာတွေ သုံးတယ်ဆိုပေမယ့် တစ်ခါတလေ အသိစိတ်ကင်းလွတ်သွားတဲ့ အခြေအနေမျိုး တွေမှာလည်း Unsafe sex ကဖြစ်တတ်ပါတယ်။ အရက်သေစာသောက်စားပြီး ပြဿနာတက်ထားတာတွေ ရှိမယ်။ မူးယစ်ဆေးဝါးသုံးစွဲပြီး ပြဿနာတက်ထားတာတွေ ရှိတယ်၊ သို့မဟုတ် အကြောထဲကို မူးယစ်ဆေး သွင်းထားတာတွေ ရှိတယ်။ ယခင်တုန်းကလည်း လိင်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ကူးစက်ဖြစ်ပွားထားတဲ့ သူတွေနဲ့ ဆက်ဆံထားတယ်ဆိုရင်တော့ ဒီ Unsafe sexမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရနိုင်တယ်။
Unsafe sexဖြစ်နိုင်သော အခြေအနေများ
မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိရဲ့ လိင်ဆက်ဆံဖော်က လိင်ဆက်ဆံဖော်ကို ယုံကြည်စိတ်နဲ့ ကွန်ဒုံး မသုံးခြင်း၊ ကွန်ဒုံး အသုံးပြုလိုစိတ်မရှိခြင်း ၊ မူးယစ်စေတဲ့ အရာတစ်ခုခု သုံးစွဲထားချိန် ၊ ကွန်ဒုံး သုံးရန် အသိမရှိခြင်း ။ သန္ဓေတားနည်းလမ်းတစ်ခုခု အသုံးပြုထားရင်တောင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက Unsafe sex ဖြစ်ပါတယ်။
Unsafe sex ဖြစ်ပြီးရင် ဘာလုပ်ရမလဲ
နီးစပ်ရာဆေးခန်းကို ၇၂ နာရီအတွင်းသွားပါ။ ဆရာဝန်၊ ဆရာဝန်မတွေ နဲ့ တိုင်ပင်ပါ။ HIV ပိုးမကူးဖို့ PEP ကို လိင်ဆက်ဆံမှု အပြီး ၇၂ နာရီအတွင်း သောက်ပါ။ အရေးပေါ် သန္ဓေတားဆေးကို ၇၂ နာရီကနေ ၁၂၀ နာရီအတွင်း သောက်ရန် ၊ HIV Test တွေနဲ့ STI Testတွေ စစ်ဆေးဖို့ ဆရာဝန် ဆရာမ နဲ့ တိုင်ပင်ပြီး လုပ်ရန်ဖို့လိုပါတယ်။
ကိုယ်ဝန်မရရှိအောင် အရေးပေါ် ကာကွယ်ဆေး သန္ဓေတားဆေး သောက်လို့ရတယ်၊ လိင်ဆက်ဆံမှုပြုပြီး သုံးရက်အတွင်း သောက်ရတဲ့ ဆေးရှိသလို ၅ ရက်အတွင်း သောက်ရတဲ့ ဆေးတွေလည်း ရှိပါတယ်၊ လိင်ဆက်ဆံမှုပြီးပြီးချင်း သောက်သုံးခြင်းက မလိုချင်တဲ့ ကိုယ်ဝန်ကို ကာကွယ်ဖို့ အကောင်းဆုံးပါပဲ။
အန္တရာယ်များတဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတွေနဲ့ ကြုံခဲ့ပြီဆိုရင် အထက်ကပြောထားတဲ့ အချက်တွေကို သေချာလိုက်နာကျင့်သုံးမယ်ဆိုရင်နောက်ဆက်တွဲ ကြုံလာရနိုင်တဲ့ ဆိုးရွားမှုတွေကို ကာကွယ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာငြိမ်းမိုးသော် ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။