Sam Sam ကတော့ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရတဲ့ အချိန်မှာ သူ့ရဲ့ သီချင်းလေးတွေအတွက် Music Video လေးတွေ ရိုက်ထားတယ်လို့ ဆိုပါတယ်။
Photo: Sam Sam
အဆိုတော် Sam Sam ကတော့ သူ ထွက်ရှိပြီးခဲ့တဲ့ Light Album ထဲက သီချင်းလေးတွေကို Music Video လေးတွေ ရိုက်ကူးဖြစ်နေတဲ့အကြောင်းပြောပြလာပါတယ်။ သူဟာ မန္တလေးမှာ နေထိုင်တာကြောင့် ရန်ကုန်မှာ လာပြီး အနုပညာအလုပ်တွေ လုပ်ဖြစ်နေတဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။
" ဒီ " နာမည်လေး ကြားယုံနဲ့" Music Video လေးက March လကတည်းက ရိုက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် Covid ကာလကြောင့် အလုပ်တွေ ရပ်ထားရတော့ အခုမှ ရိုက်ဖြစ်တယ်။ မန္တလေးမှာထက် ရန်ကုန်မှာက Production တွေ ပိုများတော့ ခွင့်တောင်းပြီး ရန်ကုန်မှာ Music Video လေး လာရိုက်ဖြစ်တယ်။ Covid ကာလမှာ သီချင်းတွေလည်း သိပ်မလုပ်ဖြစ်သလို အနုပညာအလုပ်တွေနဲ့ နည်းနည်းတော့ အလှမ်းဝေးသွားတယ်။ အခုချိန်က စပြီး ကျွန်တော့်ရဲ့ အနုပညာခြေလှမ်းတွေ မကျဲသွားအောင် ကြိုးစားသွားမှာပါ" လို့ သူက ဆိုပါတယ်။
Photo: Sam Sam
Sam Sam အနေနဲ့ " နာမည်လေး ကြားယုံနဲ့" Music Video လေးထဲမှာ မြူလင်းကိုကိုနဲ့ အတူတွဲ သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ ဒီသီချင်းလေးထဲကို အဖြူအစိမ်းလေးဝတ်ပြီး အထက်တန်းကျောင်းသား၊ ကျောင်းသူ ကာရိုက်တာလေးနဲ့ ပုံဖော်ဖြစ်တဲ့ အကြောင်းကိုလည်း သူက အခုလို ပြောပြလာပါတယ်။
" ကျွန်တော့်ရဲ့ ဒီသီချင်းလေးကိုတော့ စက်တင်ဘာ လလယ်လောက် ပရိသတ်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားမှာပါ။ ဒါလေးက ကျွန်တော့်ရဲ့ Album ထဲက နောက်ဆုံး သီချင်းလေးလည်းဖြစ်တယ်။ ဒီသီချင်းထဲမှာဆိုရင် ကျောင်းစိမ်းလေးတွေနဲ့ သရုပ်ဆောင်ထားတာ ကျွန်တော့် စိတ်ထဲမှာတော့ တစ်မျိုးလေး ခံစားရတယ်။ ငယ်ငယ်တုန်းက International School မှာ တက်ခဲ့ရတာဆိုတော့ အဖြူအစိမ်း မဝတ်ခဲ့ရဘူး။ အဖြူ နဲ့ အစိမ်းလေးကို အရမ်းဝတ်ချင်ခဲ့တာဆိုတော့ အခုတော့ ဝတ်ရပြီ" လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Sam Sam
Sam Sam ရဲ့ နာမည်အရင်းကတော့ စစ်ပိုင်ထက် ဖြစ်ပါတယ်။ သူဟာ မန္တလေးမှာ ရှိတဲ့ Ayeyarwaddy International School တွင် Grade 12 မှာ ပညာသင်ယူလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းပြီးသွားရင်လည်း အမေရိကမှာ ကောလိပ်သွားတတ်ရမှာ ဖြစ်တာကြောင့် အနုပညာနဲ့ ပတ်သက်ပြီး အချိန်ရတုန်း ပရိသတ်တွေအတွက် ဖန်တီးချင်တဲ့အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။