ထူးခြား ကတော့ သူ့ရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်လာရင် ဇနီးဖြစ်သူက အားကိုးရတဲ့အကြောင်းပြောပြလာပါတယ်။ ကာရိုက်တာရွေးချယ်မှု အပိုင်းတွေမှာလည်း ဇနီးကို ဦးစားပေးထားတယ်လို့ ဆိုပါတယ်။
Photo: Htoo Char
ခပ်ကြမ်းကြမ်းဇာတ်ရုပ်တွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလားတဲ့ သရုပ်ဆောင် ထူးခြားကတော့ ဇနီးချောလေးကို တော်တော်ချစ်ပုံရပါတယ်။ သူ့ရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူက စီစဉ်တာ များတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ အမှန်အတိုင်းပြောရရင် ကျွန်တော့်ကို လာကမ်းလှမ်းတဲ့ ဇာတ်တွေဆိုရင် ကျွန်တော် မဖတ်ဖြစ်ဘူး။ သူပဲ ဖတ်တာများတယ်။ ပြီးရင် ကျွန်တော့်ကို ပြန်ပြောပြတယ်။ ဇာတ်ညွှန်းရပြီဆိုတာနဲ့ သူ့ကို အပ်ပါတယ်။ပိုက်ဆံက အစပေါ့။ ဇာတ်ညွှန်းရော၊ စရံငွေရော သူ့ကို အပ်တာပါ။ အုပ်ထိန်းသူပါ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo: Htoo Char
ထူးခြားရဲ့ဇနီးချောလေး မခိုင်ဦးကလည်း အနုပညာအလုပ်တွေလုပ်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ ကြိုးစားမှုတွေအပေါ် အခုလို ပြောပြလာပါတယ်။
“ အစ်မကတော့ သူ့ကို လာကမ်းလှမ်းတဲ့ ကာရိုက်တာတွေကို ရွေးချယ်ပေးတာမျိုးတော့ မရှိဘူး။ များသောအားဖြင့် လာကမ်းလှမ်းတဲ့ ဒါရိုက်တာ တော်တော်များများကလည်း သူ့ကို ပရိသတ်သိစေမယ့် ဇာတ်ကောင်မျိုးတွေနဲ့ ကမ်းလှမ်းကြတာဖြစ်တဲ့အတွက် ရွေးချယ်မှု သိပ်မရှိဘူး။ သူနဲ့ လိုက်တဲ့ ဇာတ်ကောင်တွေနဲ့ပဲ လာကမ်းလှမ်းကြတာ များပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က “၃က” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Htoo Char
သရုပ်ဆောင် ထူးခြားနဲ့ မခိုင်ဦးတို့ ဇနီးမောင်နှံ နှစ်ယောက်ကတော့ တကယ်ကို စိတ်တူကိုယ်တူတွေပါပဲ။ အလုပ်ကိစ္စမှာသာမက၊ ဝါသနာပါတဲ့ အရာလေးတွေလည်း အတူတူပဲလို့ ဆိုပါတယ်။
“ကျွန်တော်တု့ိ နှစ်ယောက်စလုံးက ပွဲဈေးကို ကြိုက်တာ။ ရည်းစားဘဝကတည်းက ပွဲဈေးတွေ ပတ်သွား၊ ပတ်စားတယ်။ ကောင်းတဲ့ဆိုင်ဆိုရင် နေ့တိုင်းသွားစားတယ်။ အဲဒီမှာ ဝက်နံရိုး စားတဲ့ဆိုင်ဆိုရင် အရမ်းကြိုက်တာ။ ရေကျော်ပွဲဈေးဆိုရင် အိမ်နဲ့လည်းနီးတော့ နေ့တိုင်းရောက်တယ်။ လမ်းမတော်ပွဲဈေးကျတော့ ငါတို့လည်း ဈေးရောင်းမယ် ဆိုပြီးတော့ ရောင်းဖြစ်သွားတာ” လို့ ဆိုပါတယ်။
Photo: Htoo Char
ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။