စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးကို ကျေးဇူးတင်ပါတယ်။

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေရဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်မှာ ရုပ်ရှင်အစည်းအရုံးက စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တဲ့အပေါ် ခင်မို့မို့အေးက ကျေးဇူးတင်စကားဆိုလာပါတယ်။ 

Photo: Khin Moht Moht Aye



ခင်မို့မို့အေးဟာ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်က ရတဲ့ အနုပညာကြေးဟာ နည်းပါးလွန်းတဲ့အတွက် အခုလက်ရှိမှာ စားဝတ်နေရေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ ဒီအခက်အခဲတွေကို ရုပ်ရှင်အစည်းအရုံးက ကူညီဖြေရှင်းပေးတာကြောင့်လည်း ဝမ်းသာကျေနပ်ရတယ်လို့လည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဇာတ်ပို့ ဇာတ်ရံတွေဆိုတာ နာမည်သာ ကြီးရင်ကြီးမယ်၊ ပိုက်ဆံရတာတွေ အကုန်လုံးက နည်းကြတဲ့အတွက် အခုချိန်မှာ စားဝတ်နေရေး အဆင်မပြေတာတွေရှိတာကြောင့် ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ စားဝတ်နေရေးအတွက်ကိုလည်း အဖေ လို၊ အမေလိုဖြစ်တဲ့ ရုပ်ရှင်အစည်းအရုံးက မကြာခဏ ထောက်ပံ့ပေးတယ်လို့ အန်တီ မြင်ပါတယ်” ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အလှူကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။ 


Photo: Khin Moht Moht Aye

COVID-19 ရောဂါကြောင့် အနုပညာရှင်တွေနဲ့ ထုတ်လုပ်သူတွေကလည်း ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ မတ်လ ၂၇ ရက်နေ့ကနေစပြီး မတ်လ ၂၉ ရက်နေ့ အထိ ဆင်းရဲနွမ်းပါး အနုပညာလောကသားတွေအတွက်ရည်ရွယ်ပြီး စားနပ်ရိက္ခာတွေကို လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် သရုပ်ဆောင် ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသိင်္ဂဟ ပရဟိတအဖွဲ့ ကလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးတချို့ကို ဧပြီလ ၃ ရက်နေ့က လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 


Photo: Khin Moht Moht Aye

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေ အများကြီးရှိ လို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။


Photo: Khin Moht Moht Aye

ခင်မို့မို့အေးကိုတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမကိုတော့ အမြဲတမ်းအလိုလို ကောက်ကျစ်တတ်တဲ့ ကာရိုက်တာ၊ အတင်းတုပ်၊ စောင်းမြောင်းပြောဆို တတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဗီလိန်ကာရိုက်တာတွေနဲ့ ပရိသတ်တွေ တော်တော်များများ မှတ်မိပြီးသားဖြစ်မှာပါ။ ခင်မို့မို့အေးရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၃၀ ခန့် ရှိပြီဖြစ်ပါတယ်။ သူမဟာ ၂၀၀၈ ခုနှစ်က ‘’အများနှင့်မသက်ဆိုင်သောသူ’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကိုရရှိပိုင်ဆိုင်ထားသူပါ။





ဆက်စပ်အကြောင်းအရာများ

Share

က္က