စိတ်ရင်းကောင်းတဲ့ အစ်ကိုရဲ့ သတင်းကို ကြားလိုက်ရချိန်မှာ သူအနေနဲ့ အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်လို့ လူကြမ်း သရုပ်ဆောင် ထင်ကျော်က ဆိုပါတယ်။
လူကြမ်း သရုပ်ဆောင် ထင်ကျော်ဟာ ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုးနဲ့ ဇာတ်ကားပေါင်း များစွာမှာ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အပြင်မှာလည်း အစ်ကိုတစ်ယောက်လို ဆရာ သမားတစ်ယောက်လို ခင်မြင်ခဲ့ရတဲ့ သူတစ်ယောက် ဆုံးရှုံးသွားခဲ့တဲ့အပေါ်မှာ အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။
စိတ်ရင်းကောင်းတဲ့ အစ်ကိုရဲ့ သတင်းကို ကြားလိုက်ရချိန်မှာ သူအနေနဲ့ အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်လို့ လူကြမ်း သရုပ်ဆောင် ထင်ကျော်က ဆိုပါတယ်။“ဗီဒီယို ခေတ်ဦးကာလထဲမှာကတည်းက အဲ့ဒီကတည်းက ကျွန်တော်တို့ လက်တွဲ ခဲ့တယ်။ ကျောက်ပတောင်း ဘက်မှာဆို တောက်လျှောက် ဇာတ်ကားတွေ အတူတူ ရိုက်ခဲ့ကြတာ။ အခုလို ဆုံးသွားတဲ့ သတင်းကြားရတော့ တော်တော်လေးကို ခံစားရပါတယ်။ ၁၉၉၀ လောက်ကတည်းက ကိုသီဟတင်စိုးနဲ့ စခင်ခဲ့တာပါ၊ ကားရိုက် တွေများတာ ကိုရဲမင်းပိုင်နဲ့ များပေမယ့် ကိုသီဟတင်စိုးနဲ့ ရိုက်ခဲ့တဲ့ ကားတွေ အများကြီး ရှိခဲ့ပါတယ်။အကိုက ကျွန်တော်တို့အတွက် သင်ဆရာ ၊ မြင်ဆရာ ဆိုတဲ့ ဆရာသမားထဲမှာလည်း ပါတဲ့အတွက် အိုက်တင်ပိုင်း ဆိုင်ရာ ၊ ကင်မရာရှု့ထောင့် ပိုင်းတွေ၊ ကျွန်တော်တို့ မသိတဲ့ဟာတွေကို သူက အကိုကြီးတစ်ယောက်လို ဆုံးမပြောဆို သင်ပြဖူးခဲ့တယ်” လို့ သူက ပြောပါတယ်။
သရုပ်ဆောင် သီဟတင်စိုးဟာ အနုပညာလောက သားအချင်းချင်း အဆင့်အတန်းခွဲခြားခြင်းမျိုး မရှိသလို လူကြမ်းသရုပ်ဆောင်တွေကိုလည်း ညီအစ်ကိုအရင်းသဖွယ် ပြုစုစောင့်ရှောက်တတ်သူ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“ပြောရမယ်ဆိုရင် ကျွန်တော်တို့ လူကြမ်းအဖွဲ့ဝင်တွေကို ကြည့်ပေးတဲ့ အချိန်တွေ အများကြီး ရှိပါတယ်။ ဆိုဆုံးမတဲ့ အချိန်တွေလည်း အများကြီး ရှိပါတယ်။ သူ့ကိုလည်းအကိုတစ်ယောက်လို ချစ်တယ်။ သူက အဆင့်အတန်းမခွဲခြားဘူး ကျွန်တော်တို့ အနုပညာသမားတွေကို ညီအစ်ကိုပဲ ဆက်ဆံတယ် အတူတူစားတယ်၊ အတူတူသွားကြတယ်။အပြင်မှာဆုံရင်လည်း ထမင်းအတူတူစားတယ်။ဇာတ်ကားရိုက် မဟုတ်ပဲနဲ့ အပြင်မှာလည်း တွေ့ဆုံ ကြတယ်၊ အကိုက အနုပညာမှာဆိုလည်း ဇာတ်လမ်း၊ဇာတ်ညွှန်း၊ဒါရိုက်တာပိုင်း အကုန်ရသလို အင်မတန်မှလည်း ပြည့်ဝတဲ့ လူတစ်ယောက်ပါ။အနုပညာအသိုင်းအဝိုင်းမှာလည်း သူနဲံ ရိုက်တဲ့သူတွေ အားလုံးကို ညီအစ်ကို မောင်နှမလို ဆက်ဆံတယ်၊ အင်မတန်မှ စိတ်ရင်းကောင်း ရိုးသားတဲ့ လူတစ်ယောက်ပါ ဆိုပြီး သရုပ်ဆောင် သီဟတင်စိုးရဲ့ စိတ်နေသဘောထားကို လူကြမ်းထင်ကျော်က ပြောခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့လည်း သူ့အနေနဲ့ မိခင်ရော ဖခင်ရော မရှိတော့တဲ့ ကလေးနှစ်ယောက်အတွက် တွေးပြီး စိတ်မကောင်းဖြစ်ခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။
“ပြောရမယ်ဆိုရင် ကျွန်တော့်မှာလည်း ကလေးနှစ်ယောက်ပေ့ါ၊ အကို့မှာလည်း ကျန်ခဲ့တာ ကလေးနှစ်ယောက်တည်း အမကလည်း ဆုံးသွားပြီ အခုအကိုကလည်း ဆုံးသွားတော့ ဒီကလေးနှစ်ယောက် အတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် တစ်ခုရှိတာက အကို့တို့ အသိုင်းအဝိုင်းက ကြီးတော့ ကလေးတွေကို ခေါ်ပြီး စောင့်ရှောက်ထားကြမှာပါ၊ ဒါပေမယ့် မိခင်ဖခင် မရှိတော့တဲ့ ကလေးတွေက အင်မတန်မှ ဝမ်းနည်း ဖို့ကောင်းတယ်၊ ကျွန်တော်တို့လည်း ကိုယ်ချင်းစာတယ်။ သွားရမယ့် လမ်းကတော့ အားလုံး ဒီလမ်းကိုပဲ သွားရမှာပါ ဒါပေမယ့် ရင်ထဲတော့ မကောင်းဘူးပေ့ါဗျာ”ဆိုပြီး ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတာလေးကို ပြောပြခဲ့တာပါ။
လူကြမ်းသရုပ်ဆောင် ထင်ကျော်ဟာ ဆရာလို ၊ အကိုလို ခင်ရတဲ့ အကယ်ဒမီ သီဟတင်စိုးရဲ့ နောက်ဆုံးခရီးကိုလည်း လိုက်ပါပို့ဆောင်ပေးခဲ့တာလည်း တွေ့ရပါတယ်။ လူကြမ်း သရုပ်ဆောင် ထင်ကျော်ဟာ လူကြမ်း သရုပ်ဆောင် ထင်ကျော်ဟာ ကိုလူချော အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နာမည်ကြီး မင်းသားများနဲ့ များစွာလက်တွဲ လုပ်ကိုင်ဖူးသူ၊ ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင် ဖူးသူဖြစ်ပြီး ပရိသတ်တွေနဲ့ မစိမ်းတဲ့ လူကြမ်းသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တာကြောင့် သူဝါသနာပါရာ၊ကျွမ်းကျင်ရာဖြစ်တဲ့ သိုင်းသင်တန်းကျောင်းကို သုံးခွဲဘက်တွင် ဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုသွားမယ်လို့ သိရပါတယ်။
Share