"အဆံမပါဂငယ်ပါ ပါရင်ဂဏန်းရှစ်"ဆိုပြီး မြန်မာစာမြန်မာစကားအသိပညာပေး ဇာတ်လမ်းလေးတွေနဲ့ ၃၈ဖြာမင်္ဂလာစတဲ့ ဇာတ်တွေမှာပါဝင်သရုပ်ဆောင်ဖူးသူ၊ ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားအများစုမှာပါဝင်ရိုက်ကူးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင်ပိုးဖြူသဲကို စာဖတ်ပရိသတ်ကြီးမှတ်မိကြဦးမယ်ထင်ပါတယ်။
ပိုးဖြူသဲ ကတော့ ၂၀၁၁ခုနှစ်ကစပြီး ကျောင်းစာကိုအာရုံစိုက်ခဲ့ပြီး ကျောင်းပြီးတဲ့အခါမှာလည်း ကိုရီးယားစကားပြန်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တာကြောင့် အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားတာအခုဆိုရင် ၁၀နှစ် ကျော်လောက်ရှိနေပြီပဲဖြစ်ပါတယ်။ " အနုပညာအလုပ်တွေကိုလုံးဝမလုပ်တော့ဘူးဆိုပြီးငြင်းခဲ့တာမျိုးရယ်တော့မဟုတ်ပါဘူး၊ စာကိုအာရုံစိုက်လိုက်ပြီး ကိုရီးယားစကားပြန် လုပ်လိုက်တော့ အလှမ်းဝေးသလိုဖြစ်သွားတာနဲ့ တချို့ဒါရိုက်တာတွေက မရိုက်တော့ဘူးထင်ပြီးတော့မခေါ်ဖြစ်တာပေါ့နော်၊ သူတို့နဲ့လည်း လက်ရှိအထိတော့ရင်းနှီးနေပါသေးတယ်"ဆိုပြီး ပိုးဖြူသဲက အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တဲ့အ ကြောင်းကိုပြောပြလာပါတယ်။
Photo-Poe Phyu Thae FB
အသက် ၃၀ နီးပါးအရွယ်ကို ရောက်နေပြီဖြစ်တဲ့ ပိုးဖြူသဲက အိမ်ထောင်လည်းကျနေပြီဖြစ်ပြီး အိမ်ထောင်သက်တမ်း၄နှစ် ရှိပြီလို့ သိရပါတယ်။
" အိမ်ထောင်ကျတာတော့လွန်ခဲ့တဲ့ ၄နှစ်ကပါ ။ အမျိုးသားက တော့ကိုပြည့်ဖြိုးစစ်ပါ။ဘိုဘိုလို့လည်းခေါ်ကြပါတယ်။Program Software တွေကိုရေးပါတယ်ရှင့်၊ Piano လည်းတီးပါတယ်။ အချိန်ကတော့မြန်တာပေါ့နော်၊ ဒါပေမယ့်လည်းအခုက အသက်၃၀နားကို ရောက်လာကြပြီဖြစ်တဲ့အတွက် တော်တော်များများကတော့အိမ်ထောင်ကျသွားကြတာများတယ်။ တချို့တွေဆိုရင်လည်းကလေးရနေပြီပေါ့နော်။ ကိုယ်တွေကတော့အခုချိန်ထိ ကလေးတော့မရသေးပါဘူး" ဆိုပြီး သူမရဲ့ခင်ပွန်းအကြောင်းကို ပြောပြပါတယ်။
ကမ်းလှမ်းမှုတွေရှိလာရင် အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်ဖို့ စိတ်ကူးရှိမလားဆိုတဲ့ မေးခွန်းကိုတော့ ယခင်ကရိုက်ကူးဖူးတဲ့ကလေးသရုပ်ဆောင်တွေနဲ့ Programလေးတွေရှိလာရင် ရိုက်ကူးဖို့စိတ်ဝင်စားတဲ့အ ကြောင်းကိုပြောပြလာပါတယ်။ အခုလက်ရှိအချိန်မှာတော့ ကိုရီးယားစကားပြန်အဖြစ် လုပ်ကိုင်လျှက်ရှိပြီး နေအိမ်မှာလည်းကိုရီးယားစာကိုသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ကလေးသရုပ်ဆောင်ပိုးဖြူသဲက တော့ ၁၉၉၈ခုနှစ်မှာ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်ကာလက ကလေးသရုပ်ဆောင်ရွေးချယ်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကလေးသရုပ်ဆောင်ရွေးချယ်ပွဲမှာ ကလေးအယောက် ၅၀၀ ထဲက နေ ၆ယောက်ကိုရွေးချယ်တဲ့အထဲ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကနေ တဆင့် ၃၈ ဖြာမင်္ဂလာ၊ မြန်မာစာမြန်မာစကားတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပါ။ ၉ တန်းလောက်အထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ပြီး နောက်နှစ်အနည်းငယ်အထိ အနုပညာအလုပ် အနည်းငယ် ဆက်လက်လုပ်ကိုင်ခဲ့သေးသော်လည်း ၂၀၁၁ခုနှစ်လောက်ကစကာ လုံးဝဝေးကွာသွားခဲ့တယ်လို့ သိရပါတယ်။