အနုပညာကို စိတ်ဝင်တစားရှိသူတွေအတွက်ကတော့ ပန်းချီဆိုတဲ့အရာဟာ စိတ်ရဲ့ အာဟာရကို ဖြည့်စွမ်းပေးနိုင်တဲ့ ဓာတ်စာတွေပါပဲ။ ပန်းချီလက်ရာတွေကြားမှာ မိန်းမောနေရတာကို ကြိုက်နှစ်သက်တဲ့ အနုပညာချစ်သူတွေအတွက် ဒီတစ်ခေါက်တော့ ရန်ကုန်မြို့က ပန်းချီပြခန်းတချို့အကြောင်းကို ပြောပြဝေမျှပေးချင်ပါတယ်။
ဘယ်ပန်းချီပြခန်းတွေဖြစ်မလဲ ဆက်ကြည့်လိုက်ကြရအောင်နော်…
(၁) Authentique Art Gallery
ပထမဆုံးပြောပြပေးချင်တဲ့ ပန်းချီပြခန်းကတော့ Authentique Art Gallery ပါ။ သူ့ရဲ့ တည်နေရာကတော့ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းနဲ့ ကျွန်းတောလမ်းကြားက Time City Complex မှာပါ။ building 401 ဒုတိယလွှာမှာ တည်ရှိပါတယ်။ တနင်္လာနေ့တိုင်း ပြခန်းပိတ်လေ့ရှိပါတယ်။ပန်းချီပြပွဲတွေ၊ Art Workshop လေးတွေကိုလည်း မကြာမကြာ ကျင်းပပြုလုပ်တတ်ပါသေးတယ်။ Time City မှာတည်ရှိတာမို့ သူငယ်ချင်းတွေနဲ့ အတူ ၊ မိသားစုတွေနဲ့အတူ ဈေးဝယ်ထွက်ရင်း ၊ မုန့်စားရင်းနဲ့ ပဲဖြစ်ဖြစ် သွားရောက်လေ့လာကြည့်ရှုနိုင်တဲ့ ပြခန်းလေးဖြစ်ပါတယ်။
(၂) Artissmile Art Gallery
နောက်ထပ်ပြခန်းလေးကတော့ အင်းစိန်မြို့နယ်၊ နံ့သာကုန်း ၊ မင်္ဂလာလမ်း ၊ နံပါတ် 31/E2 မှာတည်ရှိတဲ့ Artissmile Art Gallery ဆိုတဲ့ ပြခန်းလေးပါ။ ဒီပြခန်းလေးမှာတော့ များသောအားဖြင့် မြန်မာမှုအနုပညာလက်ရာတွေကို ပိုမိုခံစားရမှာဖြစ်ပါတယ်။ မြန်မာမှုလက်ရာတွေနဲ့ မြန်မာအငွေ့အသက်တွေလွှမ်းခြုံထားတဲ့ ပန်းချီအနုပညာလက်ရာတွေကို ခံစားချင်သူတွေ ၊ စိတ်ဝင်စားသူတွေ အနေနဲ့ သွားကိုသွားသင့်တဲ့ ပန်းချီပြခန်းလေးတစ်ခုဖြစ်ပါတယ်။
(၃) Lokanat Galleries 62
ပန်းဆိုးတန်းလမ်းပေါ်မှာရှိတဲ့ လောကနတ်ပန်းချီပြခန်းဟာဆိုရင်တော့ဖြင့် ၁၉၇၁ ခုနှစ်ကတည်းက မြန်မာပန်းချီဆရာတွေ စုပေါင်းဝယ်ယူခဲ့ကြတဲ့ သက်တမ်းရင့် ပန်းချီပြခန်း ပဲဖြစ်ပါတယ်။ ခုချိန်ထိတိုင် ပန်းချီကားပေါင်းများစွာ ၊ ပန်းချီလက်ရာများစွာကို ဆက်လက်ပြသနေဆဲပါ။ ကျယ်ဝန်းလှတဲ့ ပြခန်းနေရာအနေအထားကြောင့် ပန်းချီအနုပညာလက်ရာများစွာကို တစ်နေရာတည်းမှာ ခံစားကြည့်ရှုလို့ရပါတယ်။ အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၁၀နာရီကနေ ညနေ ၅နာရီထိ ဖွင့်လှစ်ပြသနေတာဖြစ်ပါတယ်။
(၄) Kalasa Art Space
Kalasa Art Space လေးကတော့ ပန်းချီပြခန်းသက်သက်ပုံစံကြီးပဲမဟုတ်ဘဲ အနုပညာလက်ရာတွေ ထုံလွှမ်းပြည့်နှက်နေတဲ့ အိမ်လေးတစ်လုံးဖြစ်ပါတယ်။ ပန်းချီလက်ရာတွေ ခံစားကြည့်ရှူနိုင်ဖို့ Collection room၊ စာပေချစ်သူမြတ်နိုးသူတွေအတွက် စိတ်အေးလက်ဆေး စာဖတ်နိုင်မယ့် စာဖတ်ခန်း၊ အနုပညာအမှတ်တရပစ္စည်းလေးတွေ ဝယ်ယူနိုင်မယ့် Souvenir corner စတဲ့ အခန်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ချစ်စရာ့အနုပညာအိမ်ကလေးတစ်လုံးပါ။ အိမ်တစ်ခုလုံးမှာလည်း အနုပညာလက်ရာလေးတွေ၊ ရှေးဟောင်းမြန်မာမှုပစ္စည်းလေးတွေနဲ့ အလှဆင်ပေးထားတာဖြစ်လို့ ပြခန်းထဲဝင်လိုက်တာနဲ့ အနုပညာစံအိမ်ကြီးတစ်ခုထဲ ရောက်ရှိသွားသလို ခံစားရမှာကျိန်းသေပါတယ်။ ဒီ Kalasa Art Space ပြခန်းကိုတော့ ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၁၀နာရီကနေ ၅နာရီအထိ ဖွင့်လှစ်ပြသနေတာပါ။ လိပ်စာကတော့ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း ၊ ဆိပ်ကမ်းသာလမ်း ပထမထပ် နံပါတ် ၉၁-၉၃ မှာတည်ရှိတာဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ခရီးမထွက်ဖြစ်ချိန်တွေမှာ ပန်းချီပြခန်းလေးတွေက ပန်းချီအနုပညာကို ခံစားရင်း ဘဝအမောတွေ ခဏတာ ပြေပျောက် သွားနိုင်တာမို့ သွားရောက်လေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။