၂၀၁၈- ၁၉ ဘဏ္ဍာနှစ်မှာယစ်မျိုးလိုင်စင် ၉၃၈၉ ခုအထိလိုင်စင်ပေးထားတယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး အောင်စိုးမိုးက ပြောပါတယ်။
တိုင်းလွှတ်တော်မှာ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ယစ်မျိုးလိုင်စင်နဲ့ဖွင့်လှစ်ထားတဲ့ ဘားအချို့မှာ member card ပြုလုပ်ထားသူတွေကို ဆိုင်ခန်းအတွင်းမှာ အထူးခန်းပြုလုပ်ပြီး ဆိုင်ပိတ်ချိန်မရှိဘဲ ညလုံးပေါက်ဝင်ထွက်သွားလာနေတာကို အရေးယူဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တရားမဝင်လိုင်စင်မဲ့ယစ်မျိုးဆိုင် လိုင်စင်ယူပြီးတော့ သတ်မှတ်စည်းကမ်းနဲ့ မညီတဲ့ ယစ်မျိုးဆိုင်တွေကို စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။ စည်းကမ်းနဲ့ မညီတဲ့ ယစ်မျိုးဆိုင်တွေကို အလေးထားကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
ယစ်မျိုးမူဝါဒကို အရက်သေစာသောက်စားခြင်း၊အလေ့အထ ပြန့်ပွားခြင်းကို အားပေးမှုမရှိစေဖို့ ၊သေရည်သေရက်ဖြန့်ဖြူးရောင်းချရာမှာတရားမဝင်ထုတ်လုပ်မှုမရှိစေဘဲ အရက်တွေမှာ အခွန်ကြီးမြင့်သမျှကောက်ခံဖို့နဲ့ ၊မူးယစ်စေသော သေရည်သောက်ခြင်းမှ အခွန်ငွေရဖို့ အဓိကမဟုတ်ဘဲ သောက်စားခြင်းလျော့ပါးစေဖို့ နဲ့ သေရည်သေရက်ရောင်းချခြင်းကို အခွန်ကောက်ခံတာလို့ ုနှလုံးသွင်းဖို့ သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
ဘားဆိုင်တွေမှာ member card ပြုလုပ်ထားတာက ယစ်မျိုးလိုင်စင်နဲ့ မဆိုင်ဘဲ ဘားဆိုင်ရဲ့ အစီအစဉ်နဲ့ သာပြုလုပ်တာဖြစ်တယ်လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လကနေ ဒီဇင်ဘာ လအထိ တရားမဝင် ယစ်မျိုးဆိုင်ရာစိစစ်ကြီးကြပ်ရေးအဖွဲ့အနေနဲ့ (၁၉၀၁) ကြိမ်ကွင်းဆင်းစစ်ဆေးပြီး (၆၁၃) မှုအရေးယူဆောင်ရွက်ခဲ့တယ်လို့ဖြေကြားခဲ့ပါတယ်။