အဲဗာတန်ရဲ့ လက်ကျန် (၉) ပွဲက တော်တော်လေး ခက်ခဲနေပါတယ်။

လမ်းပတ်ရဲ့ အဲဗာတန်ဟာ မနေ့ညက ပရီးမီးယားလိဂ်ပွဲအဖြစ် ဘန်လေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဝေးကွင်းမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့နောက် တန်းဆင်းဇုန်နဲ့ တမှတ်သာ ကွာဟပါတော့တယ်။ ဒါ့အပြင် အဲဗာတန်ရဲ့ လက်ကျန်ပွဲ အနေအထားအရလည်း အဲဗာတန်တို့ တန်းဆင်းရပြီလို့ ပရိသတ်တွေက တထစ်ချယူဆထားကြပါတယ်။



အဆင့် (၁၇) နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်ဟာ မနေ့ညကရှုံးပွဲကြောင့် အဆင့် (၁၈) နေရာကို ရောက်လာတဲ့ ရှောင်ဒိုက်ချ်ရဲ့ ဘန်လေနဲ့ တမှတ်သာ ကွာဟတော့ပြီး အခြေအနေဆိုးသွားခဲ့တာပါ။ ဒါ့အပြင် အဲဗာတန်ဟာ သြဂုတ်တည်းက ပရီးမီးယားလိဂ်မှာ အဝေးကွင်းနိုင်ပွဲတပွဲမှ မရရှိထားပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ စတင်ကိုင်တွယ်တဲ့ လမ်းပတ်လက်ထက် ပရီးမီးယားလိဂ် ပွဲပေါင်း (၉) ပွဲမှာလည်း အဲဗာတန်က (၂) ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်တခုက အဲဗာတန်ရဲ့ လက်ကျန်ပွဲတွေမှာ ယူနိုက်တက်၊ လက်စတာ၊ လီဗာပူး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ဖို့ ကျန်ရှိနေတာပါ။

အဲဗာတန်ရဲ့ လက်ကျန် (၉) ပွဲမှာ ဝက်ဖို့ဒ်နဲ့တွေ့ဆုံရမယ့်ပွဲတပွဲကသာ သူတို့ထက် အမှတ်ပေးဇယားရပ်တည်မှု နိမ့်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကျန်အသင်းတွေက အဲဗာတန်အပေါ်က အသင်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် (၄) ပွဲဆက်တိုက်မှာ ယူနိုက်တက်၊ လက်စတာ၊ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမယ့်အပြင် တန်းမဆင်းရရေးအဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ ရာသီနောက်ဆုံးပွဲမှာလည်း အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

အဲ့ဒါကြောင့်လည်း လမ်းပတ်ရဲ့အဲဗာတန်က ဒီရာသီမှာ တန်းဆင်းဖို့ သေချာသလောက်ဖြစ်နေပြီလို့ ပရိသတ်တွေက အပိုင်တွက်ထားကြပါတယ်။ ဒီလိုမျိုးအဖြစ်ဆိုးခဲ့ရင်တော့ ပရီးမီးယားလိဂ်ခေတ်မှာ အဲဗာတန်အတွက် သမိုင်းတလျှောက် ပထမဆုံး တန်းဆင်းရတဲ့ အစဥ်အလာဆိုးဖြစ်သွားခဲ့ပြီး လမ်းပတ်အတွက်လည်း မျက်နှာပျက်စရာဖြစ်ခဲ့ရပါလိမ့်မယ်။ 

Share

Loading Next Article...
က္က