ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ပွဲအပြီး လေဆိပ်အဆင်းမှာ အမ်ဘာပေက စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဒေါ့မွန်ကို အဝေးကွင်းမှာ တစ်ဂိုးစီ သရေကစားခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ ပီအက်စ်ဂျီက အုပ်စုဒုတိယအဖြစ် ဒေါ့မွန်နဲ့အတူ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ တစ်ချိန်တည်း ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အေစီမီလန်ပွဲမှာတော့ အေစီမီလန်က ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အေစီမီလန်ဟာ ပီအက်စ်ဂျီနဲ့ ရမှတ်တူအနေအထားမှာရှိခဲ့ပေမယ့် ဂိုးကွာခြားချက်အရရော၊ ထိပ်တိုက်တွေ့ဆုံမှုအရပါ အသာစီးမရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကိုသာ ဆင်းကန်ရတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီတို့ ဒီလိုမျိုး နောက်တစ်ဆင့် တက်ခဲ့ပေမယ့် အသင်းရဲ့ အဓိကကြယ်ပွင့် အမ်ဘာပေကတော့ ပြင်သစ်ကို အပြန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။
လေဆိပ်ထဲအဝင်မှာ အမ်ဘာပေတစ်ယောက် တော်တော်လေးကို စိတ်ပျက်နေတဲ့ပုံစံနဲ့ ငူငူငိုင်ငိုင်ဖြစ်နေခဲ့ပြီး ပရိသတ်တွေကလည်း အမ်ဘာပေရဲ့အဖြစ်ကို သတိထားမိခဲ့ပါတယ်။ အချို့ကတော့ အမ်ဘာပေဟာ နည်းပြ အင်းနရစ်ရဲ့ နည်းစနစ်တွေကို သဘောမကျတာကြောင့် အခုလိုမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။
အင်းနရစ်ဟာ ဒေါ့မွန်နဲ့ပွဲအပြီးမှာ “ကစားသမားတွေ စိတ်ပျက်နေမှာ ပုံမှန်ပါပဲ။ ကျွန်တော် ဂိုးသွင်းခွင့် ငါးကြိမ်အထိ ရရှိခဲ့တာပါ။ ငါးကြိမ်နော်။ ဒါပေမယ့် ပွဲကစားချိန် (၈၅) မိနစ်လောက်မှာ ပြိုင်ဘက်ကို ဂိုးပေးရလောက်အောင် ကျွန်တော်တို့ မရူးမိုက်ပါဘူး။ ကစားသမားတစ်ယောက်က စိတ်ပျက်တယ်ဆိုရင် ကျွန်တော့်အလုပ်က မလိုအပ်တာတွေ မစွန့်စားဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။