မိုက်ကယ် ကားရစ်ဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ အသင်းကို နိုင်ပွဲရယူနိုင်ခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဗီလာရီးရဲလ်နဲ့ပွဲစဉ်က အနိုင်ရလဒ်ဟာ အိုလေ ဂန်နာ ဆိုးလ်ရှားအတွက် ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယာယီနည်းပြ ကားရစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဆိုးလ်ရှားရဲ့နေရာမှာ ယာယီတာဝန်ယူခဲ့သူဖြစ်ပြီး နှစ်ပေါင်း ၉၀ အတွင်း ယူနိုက်တက်နည်းပြအဖြစ် အဖွင့်ပွဲစဉ်မှာ အနိုင်ရရှိတဲ့ ပထမဆုံးသော အင်္ဂလိပ်လူမျိုးနည်းပြ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဂျေဒန် ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို တစ်နှစ်အတွင်း ပထမဆုံး ချန်ပီယံလိဂ်အဝေးကွင်းနိုင်ပွဲ ရရှိစေခဲ့တာဖြစ်ပါတယ်။
"အသင်းမှာရှိတဲ့ အားလုံးအတွက် လွယ်ကူတဲ့ ရက်တွေဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် နိုင်ပွဲကြောင့် အများကြီး ပျော်ရွှင်လို့ရပေမယ့် ဒီရလဒ်က အိုလေအတွက်လို့ ခံစားနေရသေးတယ်။ အဲဒီခံစားချက်ကို ဖျောက်လို့ မရပါဘူး။ ကျွန်တော့်အတွက်တော့ အရေးကြီးတဲ့ရလဒ်မဟုတ်ခဲ့ပါဘူး။ ဒီရလဒ်က အသင်းနဲ့ ကစားသမားတွေအတွက် အရေးကြီးတဲ့ရလဒ်ပါ။ ဒီညက အားလုံး တွေးထင်ထားသလိုပဲ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ စိတ်ခံစားမှုတွေ ပြည့်နှက်နေခဲ့တဲ့ ရက်အပိုင်းအခြားတွေဖြစ်ခဲ့ပါတယ်"
"အဲဒီကိစ္စတွေအားလုံးဖြစ်ပျက်ခဲ့တဲ့အချိန်မှာ ပထမဆုံး စကားပြောခဲ့တဲ့သူက ကျွန်တော်ဖြစ်ပြီး အက်ဒ် ဝုဒ်ဝဒ်က ကျွန်တော့်ကို အိုလေ တွေးခဲ့တာကို သိရဖို့ ယာယီနည်းပြတာဝန်ကို ထမ်းဆောင်မလား မေးခဲ့ပါတယ်။ ကျွန်တော် ဒီမှာ ရှိနေပြီး အသင်းကို စီမံခန့်ခွဲဖို့ တာဝန်ယူခဲ့ပြီး အဲဒါကို ကြီးမားတဲ့ ဂုဏ်ယူမှုနဲ့ လက်ခံခဲ့တာပါ။ ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်ခဲ့တဲ့အရာတွေအပေါ် မရပ်မနားဘဲ လုပ်ဆောင်ရမယ့်အလုပ် ရှိခဲ့ပြီး ကံကောင်းစွာနဲ့ပဲ အဆုံးမှာတော့ စီစဉ်ထားတဲ့အတိုင်း အားလုံးဖြစ်လာခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
မိုက်ကယ် ကားရစ်ဟာ ဘရူနို ဖာနန်ဒက်စ်၊ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကို ဒွန်နီ ဗန်ဒီဘိခ်နဲ့ အန်သိုနီ မာစီယယ်လ်တို့ရဲ့နေရာမှာ လူစားဝင်ကစားစေခဲ့ပြီး အပြောင်းအလဲပြုလုပ်ပြီးနောက်မှာပဲ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂျေဒန် ဆန်ချိုတို့ရဲ့သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု F မှာ ယန်းဘွိုင်းနဲ့ တစ်ပွဲကစားဖို့ ကျန်သေးချိန်မှာပဲ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အာမခံချက် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။