လီဗာပူးနိုင်ပွဲရခဲ့ပေမယ့် ချဲလ်ဆီးနိုင်ပွဲပျောက်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာတော့ လီဗာပူး နိုင်ပွဲရရှိခဲ့ပြီး ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို သရေကျခဲ့တာကြောင့် ပေါ်တာလက်ထက် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပါတယ်။ လီဗာပူးဟာ ရော်ဘတ်ဆန်မပါဝင်ခဲ့ပေမယ့် အာနိုးလ်၊ ဂိုးမက်ဇ်၊ ဗန်ဒိုက်ချ်တို့ နောက်တန်းမှာ ပွဲထွက်ခဲ့ပါတယ်။



တိုက်စစ်မှာလည်း ဒဏ်ရာရ ကစားသမားများပြားနေတာကြောင့် ဒါဝင်နူးနက်ဇ်၊ ဖေမီနို၊ ဆာလာတို့ကိုပဲ ပွဲထုတ်ခဲ့ရပြီး သီယာဂို၊ ဟန်ဒါဆန်၊ ဖေဘီယိုကာဗယ်လ်ဟိုတို့ ပါဝင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကလည်း ဘိုဝင်၊ ဆကာမက်ကာ၊ ဒကလန်ရိုက်စ်၊ ဖော်နယ်စ်၊ ခရက်စ်ဝဲလ်တို့နဲ့ပဲ အမာခံပွဲထွက်ခဲ့ပြီး လီဗာပူးကို ရင်ဆိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် တလုံးတည်းသောဂိုးကိုတော့ ပထမပိုင်းမှာတင်ရရှိခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်းမှာ “အိုးမိုင်ဂေါ့” လို့ ပြောရမယ့် အဆုံးသတ်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ဒါဝင်နူးနက်ဇ်က သွင်းယူပေးခဲ့ပြီး လီဗာပူးတို့ အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ လီဗာပူးတို့ ပင်နယ်တီပေးခဲ့ရသေးပေမယ့် ဘိုဝင်ရဲ့ ကန်ချက်ကို အယ်လစ်ဆန်ကာကွယ်နိုင်ခဲ့တာကြောင့် လီဗာပူးတို့ သက်သာခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တာကြောင့် လီဗာပူးတို့ နူးနက်ဇ်ရဲ့ တလုံးတည်းသောဂိုးနဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပေါ်တာက အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး အူဘာမီးယန်း၊ စတာလင်၊ သီယာဂိုဆေးလ်ဗားတို့ကို အရန်ခုံထိုင်ခိုင်းခဲ့ကာ ဘရိုဂျာ၊ ဟာဗက်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။ ဂယ်လာဂါ စောစောစီးစီး ဒဏ်ရာထပ်ရသွားခဲ့တာကလည်း ပေါ်တာအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ကီပါက ဒီပွဲမှာလည်း ပုံစံကောင်းထပ်ပြခဲ့ပြီး ဒုတိယပိုင်းမှာ ချဲလ်ဆီးဘက်က ပူလီဆစ်၊ စတာလင်၊ အူဘာမီးယန်းတို့ ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းလုံး ဂိုးထပ်မရခဲ့ဘဲ ပေါ်တာလက်ထက် ချဲလ်ဆီးရဲ့ နိုင်ပွဲဆက်မှုက ရပ်တန့်သွားခဲ့ပါတယ်။ နိုင်ပွဲမရခဲ့သည့်တိုင် ချဲလ်ဆီးကတော့ ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက် ဂိုးမပေးရတဲ့ စံချိန်ကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က