အိုမီခရွန်နဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျစွာ သိရှိနိုင်ရန် ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်တွေနဲ့ WHO က လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်

အစောပိုင်း လေ့လာတွေ့ရှိချက်တွေအရ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ဟာ ယခင်ရှိပြီးသား ဒယ်လ်တာဗိုင်းရပ်စ်ထက် COVID-19 ရောဂါကို ပိုမို မပြင်းထန်စေနိုင်တာ သေချာသလောက်နီးပါးဖြစ်ကြောင်း အမေရိကန် ထိပ်တန်းသိပ္ပံပညာရှင် Anthony Fauci က ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။

(အမေရိကန်သိပ္ပံပညာရှင် Anthony Fauci) (Photo: AFP)

အိုမီခရွန်ကြောင့် ရောဂါပြင်းထန်နိုင်မှုကို အကဲဖြတ်ရန် ရက်သတ္တပတ်များ ကြာမြင့်မှာဖြစ်သေးပေမဲ့ ရောဂါမပြင်းထန်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Anthony Fauci က AFP သတင်းဌာနဲ့ တွေ့ဆုံခဲ့စဥ် အိုမီခရွန်ဗိုင်းရပ်စ်သစ်နဲ့ ပတ်သက်ပြီး ကူးစက်ပျံ့နှံ့နိုင်စွမ်း၊ ယခင်ကူးစက်မှုကနေ ရရှိထားတဲ့ ကိုယ်ခံစွမ်းအားကို မည်သို့ ထိုးဖောက်နိုင်မှုနဲ့ ကာကွယ်ဆေးများအကြောင်း၊ ရောဂါပြင်းထန်နိုင်မှုတို့မှာ သိထားတာတွေနဲ့ မသိနိုင်သေးတာတွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။



ဒယ်လ်တာထက် ပိုပြီး ရောဂါမပြင်းထန်နိုင်တာ သေချာသလောက်နီးပါးဖြစ်တယ်

ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်သစ်ဟာ ကူးစက်မှုနှုန်းမြင့်မားတာ ရှင်းရှင်းလင်းလင်း သိရပြီး ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတဲ့ ဒယ်လ်တာဗိုင်းရပ်စ်ထက် ပိုမိုကူးစက်နိုင်ဖွယ်ရှိတယ်လို့ Fauci က ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှ ကပ်ရောဂါဆိုင်ရာ အချက်အလက်တွေအရ အိုမီခရွန်ဟာ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာလည်း ပြန်လည်ကူးစက်နိုင်မှုနှုန်း မြင့်မားကြောင်း ညွှန်ပြနေပါတယ်။

(Photo: AFP)

အမေရိကန် National Institute of Allergies and Infectious Diseases (NIAID) ရဲ့ ကာလရှည်ကြာ ညွှန်ကြားရေးမှူးဖြစ်သူ Fauci လက်ရှိ ကာကွယ်ဆေးတွေက အိုမီခရွန်ဗိုင်းရပ်စ်သစ်ကို ကာကွယ်နိုင်မှုနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲခန်းစမ်းသပ်ချက် ရလဒ်တွေကိုတော့ လာမယ့် ရက်အနည်းငယ်ကနေ တစ်ပတ်အတွင်း သိရှိနိုင်တယ်လို့ ပြောပါတယ်။

ထိုအတောအတွင်း လက်ရှိ ကာကွယ်ဆေးတွေဟာ လူတွေကို အိုမီခရွန်ကူးစက်မှုကနေ ကာကွယ်နိုင်သင့်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organizatino - WHO) က ပြောကြားမှုလည်း ရှိခဲ့ပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်ရဲ့ ရောဂါပြင်းထန်မှုအပေါ် AFP က မေးမြန်းရာမှာတော့ "ဒယ်လ်တာထက် ပိုပြီး ရောဂါမပြင်းထန်နိုင်တာ သေချာသလောက်နီးပါးဖြစ်တယ်" လို့ Fauci က ပြောခဲ့ပါတယ်။

(Photo: Getty Images)

တောင်အာဖရိကမှာ အိုမီခရွန်ကူးစက်ခံရမှု အရေအတွက်နဲ့ ဆေးရုံတက်ရမှု အရေအတွက် အချိုးအစားဟာ ဒယ်လ်တာထက် နည်းပုံရတာကြောင့် အိုမီခရွန်က ရောဂါမပြင်းထန်နိုင်ကြောင်း ယူဆမှုအချို့ရှိတယ်လို့ အမေရိကန်သိပ္ပံပညာရှင်က ဆိုပါတယ်။ သို့သော် လက်ရှိအချိန်အထိ အိုမီခရွန်ဗိုင်းရပ်စ်သစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လုံးဝ သေချာပြီလို့ လွန်ကဲမှတ်ယူခြင်းမပြုရန် အရေးကြီးကြောင်း ၎င်းကသတိပေးပါတယ်။

အိုမီခရွန်နဲ့ ပတ်သက်ပြီး ကူးစက်နိုင်မှု၊ ရောဂါပြင်းထန်နိုင်မှု၊ ကာကွယ်ဆေးတွေရဲ့အခြေအနေ စသဖြင့်တို့ကို ရှင်းလင်းတိကျစွာ သိရှိနိုင်ရန် ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်တွေနဲ့ WHO က လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်အထိ အိုမီခရွန်ကူးစက်မှုတွေကို ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေ ၃၈ ခုထက်မနည်းမှာ တွေ့ရှိထားပါတယ်။ အိုမီခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ မရှိသေးပေမဲ့ ထိုဗိုင်းရပ်စ်သစ်က ကူးစက်နိုင်မှုနဲ့ ယခင် COVID-19 ကူးစက်ခံရပြီးသူတွေမှာလည်း ပြန်လည်ကူးစက်နိုင်မှု မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က