အိုမီခရွန်က ကိုဗစ်ရောဂါ ပိုမိုပြင်းထန်စေခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း WHO က ပြောထားပါတယ်

ဗီဇပြောင်းမှု ကြီးကြီးမားမားရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားပါတယ်။

(Photo: Reuters)

အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကူးစက်မှုတွေမြင့်တက်လာရာမှ အချို့နေရာတွေမှာ ပြင်းထန်တဲ့ အကျိုးဆက်များရှိလာနိုင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဆိုပါတယ်။ အိုမီခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ ယခုအချိန်အထိ မရှိသေးပေမဲ့ ကာကွယ်ဆေးတွေနဲ့ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ က ကာကွယ်နိုင်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးကြောင်း WHO က ဖြည့်စွက်ပြောပါတယ်။



"အိုမီခရွန်မှာ မကြုံစဖူး ဗီဇပြောင်းလဲမှု ရှိပါတယ်၊ အဲဒီထဲက အချို့ဟာ ကပ်ရောဂါအလားအလာအပေါ် သက်ရောက်မှုရှိနိုင်ခြေအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဗီဇပြောင်း ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်တဲ့ ကမ္ဘာ့တစ်ဝန်းအန္တရာယ်က အလွန်မြင့်မားတယ်လို့ သတ်မှတ်ထားပါတယ်" လို့ WHO က ပြောကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

တောင်အာဖရိကမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရကြောင်း နိုဝင်ဘာ ၁၄ မှ ၁၆ ရက်ကြား ရယူခဲ့တဲ့ ဓာတ်ခွဲခန်းနမူနာများကို စစ်ဆေးမှုအရ သိရှိရတယ်လို့ National Institute of Communicable Diseases (NICD) က နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်အသစ်ကို အိုမီခရွန် (Omicron) လို့ အမည်ပေးပြီး 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အိုမီခရွန်က COVID-19 ရောဂါ ပိုမိုပြင်းထန်စေခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း WHO က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြောထားပါတယ်။ အိုမီခရွန်နဲ့ ပတ်သက်ပြီး ပိုမိုရှင်းလင်းတဲ့ အချက်အလက်တွေ သိရှိနိုင်ရန် ရက်သတ္တပတ်အနည်းငယ်ကြာမယ်လို့ WHO က ဆိုပါတယ်။

(Photo: Reuters)

နိုဝင်ဘာ ၂၈ ရက်နေ့အထိ စာရင်းအချက်အလက်တွေအရ အိုမီခရွန် ကူးစက်မှုတွေကို တောင်အာဖရိက အပါအဝင် နိုင်ငံနဲ့ နယ်မြေ ၁၁ ခုမှာ စစ်ဆေးတွေ့ရှိထားပါတယ်။ အိုမစ်ခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်ပူပန်တာကြောင့် အမေရိကန်၊ ကနေဒါ၊ ဘရာဇီး၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ အိုမန်၊ ကူဝိတ်၊ ဟန်ဂေရီ အပါအဝင် နိုင်ငံအများအပြားက အာဖရိကဘက်မှ ခရီးသွားဝင်ရောက်မှု ပိတ်ပင်ခြင်း သို့မဟုတ် ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းတင်းကျပ်ခြင်းများ လုပ်ဆောင်လာကြပါတယ်။

တောင်အာဖရိနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူနာတွေကို ကုသပေးနေခဲ့တဲ့ ဆရာဝန်တစ်ဦးကတော့ ထိုဗိုင်းရပ်စ်အသစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေဟာ မပြင်းထန်ဘူးလို့ ပြောခဲ့ပါတယ်။ ကူးစက်ခံရသူ အများစုဟာ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ အလွန်နွမ်းနယ်နေပြီး ခန္ဓာကိုယ် နာကျင်ကိုက်ခဲ့ကာ ခေါင်းကိုက်ကြတယ်လို့ တောင်အာဖရိက ဆရာဝန်က ဆိုပါတယ်။

Share

Loading Next Article...
က္က