ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ဟာ တောင်အာဖရိကမှာ တွေ့ရှိရကြောင်း ပထမဆုံး မကြေညာမီကတည်းက ဥရောပဒေသတွင်းမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ဥရောပတိုက်ရှိ နယ်သာလန်နိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၃ ရက်ကြား ရယူခဲ့တဲ့ ဓာတ်ခွဲနမူနာ နှစ်ခုကို စစ်ဆေးမှုအရ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပြီး ထိုရက်တွေဟာ တောင်အာဖရိကမှ ဗိုင်းရပ်စ်သစ်တွေ့ရကြောင်း မကြေညာသေးခင်း အချိန်ကာလလည်း ဖြစ်နေပါတယ်။
(Photo: Reuters)
သို့သော် နယ်သာလန်မှာ စစ်ဆေးတွေ့ရှိရတဲ့ ပထမဆုံး အိုမီခရွန် ကူးစက်ခံရသူ နှစ်ဦးဟာ တောင်အာဖရိကသို့ သွားရောက်ခဲ့ခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ယခင် ယူဆမှုတွေအရတော့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၈ ရက်) က တောင်အာဖရိကမှ နယ်သာလန်သို့ ရောက်ရှိလာတဲ့ လေကြောင်းခရီးစဥ် နှစ်ခုမှာ လိုက်ပါလာသူတွေအနက် အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေ ပါဝင်လာခဲ့တယ်လို့ သိထားခဲ့ရာ ၎င်းတို့ဟာ နယ်သာလန်မှာ ပထမဆုံး အိုမီခရွန်ကူးစက်မှုလို့ သတ်မှတ်ထားခဲ့ပါတယ်။
နယ်သာလန်မြို့တော် အမ်စတာဒမ်မြို့ကို ရောက်ရှိလာတဲ့ အဆိုပါ လေကြောင်းခရီးစဥ်နှစ်ခုမှ ခရီးသည် ၆၁ ဦးထံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရပြီး ၎င်းတို့အနက် ၁၄ ဦးက အိုမီခရွန်ူးစက်ခံထားရသူတွေ ဖြစ်ပါတယ်။ အစောပိုင်း အထောက်အထားတွေအရ အိုမီခရွန်ဗိုင်းရပ်စ်ဟာ ပြန်လည်ကူးစက်နိုင်တဲ့အန္တရာယ် ပိုများတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
သို့သော် ကြီးမားတဲ့ ဗီဇပြောင်းလဲမှုတွေရှိတဲ့ ယခုဗိုင်းရပ်စ်အသစ်က ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုအပေါ် မည်သို့သက်ရောက်နိုင်ကြောင်း သိရှိရန် ရက်သတ္တပတ် သုံးပတ်ခန့် အချိန်ယူရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ တောင်အာဖရိကနိုင်ငံက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ့ရကြောင်း နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ထိုနောက်ပိုင်းမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဗိုင်းရပ်စ်အသစ်ကို အိုမီခရွန် (Omicron) လို့ အမည်ပေးပြီး 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ယမန်နေ့မှာ ပြောကြားပါတယ်။
(Photo: Reuters)
အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေကို ယခုရက်ပိုင်းအတွင်း နောက်ထပ် နိုင်ငံတွေမှာပါ တွေ့ရှိလာနေပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့အထိ စာရင်းအချက်အလက်တွေအရ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေကို တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ချက်ရီပတ်ဘလစ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်တို့မှာ တွေ့ရှိထားပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်ပူပန်တာကြောင့် နိုင်ငံအများအပြားက အာဖရိကဘက်မှ ခရီးသွားဝင်ရောက်မှု ပိတ်ပင်ခြင်း သို့မဟုတ် ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းတင်းကျပ်ခြင်းများ လုပ်ဆောင်လာကြပါတယ်။