ကာကွယ်ဆေး စမ်းသပ်ရန်နဲ့ ထုတ်လုပ်ရေးအတွက် သီတင်းပတ်အနည်းငယ်အတွင်း အသင့်ဖြစ်မယ်လို့ ဆိုပါတယ်

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Novavax Inc က ယခုနောက်ဆုံး တောင်အာဖရိကမှာ အသစ်တွေ့ရှိလာရတဲ့ အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အတွက် COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် စတင်လုပ်ဆောင်နေပြီလို့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၎င်းတို့ရဲ့ ကာကွယ်ဆေး စမ်းသပ်ရန်နဲ့ ထုတ်လုပ်ရေးအတွက် လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း အသင့်ဖြစ်မယ်လို့လည်း Novavax က ပြောပါတယ်။ Novavax ရဲ့ COVID-19 ကာကွယ်ဆေးမှာ အိုမီခရွန်ဗိုင်းရပ်စ်ရဲ့ spike protein အစစ် ပါဝင်ပါတယ်။ ကာကွယ်ဆေးမှာပါဝင်တဲ့ ဗိုင်းရပ်စ်ရဲ့ spike protein က ရောဂါမဖြစ်စေဘဲ ကိုယ်ခံအားစနစ်ကို အစပျိုးမြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။



အိုမီခရွန်ရဲ့ မျိုးဗီဇကို အထူးပြုအခြေခံထားတဲ့ spike protein တစ်ခုကို စတင်ဖန်တီးနေခဲ့ကြောင်း ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီက ပြောပါတယ်။ Novavax ပြောခွင့်ရပုဂ္ဂိုလ်က "ကနဦး လုပ်ငန်းကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း လုပ်ဆောင်သွားမှာပါ" လို့ ပြောခဲ့ပါတယ်။

(Photo: Novavax)

Novavax က အိုမီခရွန်ဗိုင်းရပ်စ်သစ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးထုတ်လုပ်မယ့် သတင်းထွက်ပေါ်လာပြီးနောက် ကုမ္ပဏီရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ နိုဝင်ဘာ ၂၆ ရက်နေ့က ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ Novavax ရဲ့ ကာကွယ်ဆေးကို ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ယခုလအစောပိုင်းက အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိထားတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာလည်း ယခုနှစ်ကုန်ပိုင်းမှာ ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်နေကြောင်း Novavax က ပြောပါတယ်။

ထို့အတူ ဥရောပဆေးဝါးဌာနနဲ့ ကနေဒါနိုင်ငံထံမှလည်း ခွင့်ပြုချက်များရရှိရန် လျှောက်ထားတင်ပြသွားမယ်လို့ ဆိုပါတယ်။ ဂျာမနီအခြေစိုက် BioNTech နဲ့ အမေရိကန်အခြေစိုက် Johnson & Johnson အပါအဝင် အခြား ကာကွယ်ဆေးကုမ္ပဏီတွေကတော့ အသုံးပြုနေပြီဖြစ်တဲ့ ၎င်းတို့ရဲ့ ကာကွယ်ဆေးတွေဟာ ဗီဇပြောင်း ဗိုင်းရပ်စ်အသစ် အိုမီခရွန်အတွက် ထိရောက်မှုအခြေအနေကို စမ်းသပ်နေကြေင်း ပြောကြပါတယ်။

(Photo: AFP)

ထို့အတူ Inovio Pharmaceuticals Inc ကလည်း ၎င်းရဲ့ COVID-19 ကာကွယ်ဆေး INO-4800 ရဲ့ ဗိုင်းရပ်စ်အသစ်အတွက် ထိရောက်မှုကို လေ့လာဆန်းစစ်ရန် စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ စမ်းသပ်လေ့လာမှုဟာ သီတင်းနှစ်ပတ်ခန့် ကြာမြင့်နိုင်မယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

တောင်အာဖရိကမှာ ထွက်ပေါ်လာတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အိုမီခရွန် (Omicron) လို့ အမည်ပေးပြီး 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပါတယ်။ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်အသစ်တွေ ယနေ့အထိ ထွက်ပေါ်လာသမျှထဲမှာ WHO က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ခဲ့တဲ့ ဗိုင်းရပ်စ်အသစ် ၄ ခုသာရှိခဲ့ဖူးပါတယ်။

WHO အနေနဲ့ အိုမီခရွန်ဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းလဲမှုကို အပြည့်အဝ သိရှိနားလည်ရန် ရက်သတ္တပတ်အနည်းငယ်ကြာမယ်လို့ ဆိုပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်အသစ် တွေ့ရှိလာရမှုအပေါ် ကမ္ဘာတစ်ဝန်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး နိုင်ငံအများအပြားက အာဖရိကဘက်မှ ခရီးသွားဝင်ရောက်မှုတွေကို ပိတ်ပင်လာကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က