မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ကိုပင်ဟေဂင်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက် မက်ဂွိုင်းရားရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ဂိုးရရှိခဲ့သလို နောက်ဆုံးမိနစ်မှာ ကိုပင်ဟေဂင်ရဲ့ ပင်နယ်တီကိုလည်း အိုနာနာက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ထက် ကိုပင်ဟေဂင်က ကစားပုံပိုကောင်းခဲ့တယ်လို့တောင် ပြောနိုင်ပြီး ယူနိုက်တက်အတွက် ကံကောင်းတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။ ဒါ့အပြင် ဒီနိုင်ပွဲက ယူနိုက်တက်အတွက် ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမိနစ်ပင်နယ်တီအတွက်တော့ နှစ်ဖက်ကစားသမားတွေ၊ နည်းပြတွေအကြား အချင်းများစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး အားလုံး အလုပ်ရှုပ်နေတာကို အခွင့်အရေးယူနိုင်ခဲ့တဲ့ ကစားသမားရှိပါတယ်။ သူကတော့ ဂါနာချိုပါ။
ကွင်းလယ်ဒိုင်ကိုယ်တိုင်ကပါ နှစ်ဖက်ကစားသမားတွေ အချင်းများနေတာကို ဖျန်ဖြေပေးနေချိန်မှာ ဂါနာချိုက ပင်နယ်တီကန်မယ့် စပေါ့မှာ မြက်ခင်းတွေကို နင်းခြေနေခဲ့တာဖြစ်ပါတယ်။ အားလုံးက ကိုယ်စီ အချင်းများနေကြတာကြောင့် ဂါနာချိုရဲ့ လုပ်ရပ်ကို ဘယ်သူမှ သတိမထားမိခဲ့ပါဘူး။ တကယ်တမ်း ပင်နယ်တီကန်ချိန်မှာလည်း အိုနာနာက ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာပါ။
ပွဲအပြီးမှာလည်း ယူနိုက်တက်နည်းပြ တန်ဟက်ခ်က “ဂါနာချိုလုပ်နေခဲ့တာကို ကျွန်တော် မမြင်တွေ့ခဲ့ပါဘူး။ ဒိုင်လူကြီးကလည်း ဒါကို မမြင်ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ ကိုပင်ဟေဂင်တို့ ကံဆိုးမှု၊ အိုနာနာရဲ့ ပင်နယ်တီကာကွယ်မှုတွေက အခုလိုမျိုး ဂါနာချိုရဲ့ ယတြာချေတာနဲ့လည်း သက်ဆိုင်နေတယ်လို့ ယူဆနေကြပါတယ်။