မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဝုလ်ဗ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုလ်ဗ်တို့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ပင်နယ်တီရမလိုဖြစ်ခဲ့ပေမယ့် VAR က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဗာရန်းက ဒုတိယပိုင်း ပွဲကစားချိန် (၇၆) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ကစားပုံမကောင်းခဲ့တဲ့ ယူနိုက်တက်က ပွဲပြီးခါနီးမှာလည်း ချေပဂိုးပေးရမလိုဖြစ်ခဲ့ပြီး တော်တော်လေး ကံကောင်းသွားခဲ့တယ်လို့ ပြောရမှာပါ။
ယူနိုက်တက် ဂိုးသမား အိုနာနာဟာ လေထဲက ဘောလုံးကို ပြိုင်ဘက် တိုက်စစ်မှူး ကာလာဇစ်နဲ့ ယှဉ်လုတဲ့နေရာမှာ ကာလာဇစ်ကို အရှိန်နဲ့ ဝင်ဆောင့်မိသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် VAR ဒိုင်လူကြီး ဆာလီစ်ဘူရီကတော့ ဒီဖြစ်ရပ်ကို ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပြီး စောဒကတက်ခဲ့တဲ့ ဝုလ်ဗ်နည်းပြ ဂယ်ရီအိုနေးလ်လည်း ကွင်းထဲမှာ အဝါကတ်ထိခဲ့ပါတယ်။
ဆာလီစ်ဘူရီဟာ ပြီးခဲ့တဲ့ရာသီက စပါးနဲ့ ဘရိုက်တန်တို့ ကစားခဲ့တဲ့ပွဲမှာလည်း VAR နဲ့ ပတ်သက်လို့ အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းကလည်း ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ချုပ်က ဒီဒိုင်လူကြီးရဲ့ အမှားအတွက် ကြားဝင်တောင်းပန်ခဲ့ရပါတယ်။
ပရိသတ်တွေကလည်း ဒီဖြစ်ရပ်မှာ ယူနိုက်တက်တို့ ဝုလ်ဗ်ကို ပင်နယ်တီမပေးခဲ့ရတဲ့အပေါ် ဝေဖန်ပြစ်တင်နေကြပါတယ်။ ဒီပွဲဟာ နှစ်သင်းလုံးအတွက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲဖြစ်ခဲ့သလို အိုနာနာအတွက်လည်း ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။