ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းရဲ့ နံပါတ် (၁) ဂိုးသမား အိုနာနာက ဆုဖလားတွေရအောင် ကူညီပေးနိုင်မှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အိုနာနာဟာ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အမှားအယွင်းတွေ ကျူးလွန်ခဲ့တာပါ။
အိုနာနာဟာ ချန်ပီယံလိဂ်ပွဲတိုင်းလိုလိုမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပြီး ယူနိုက်တက်က အုပ်စုအဆင့်ကနေ လွတ်မြောက်ဖို့ အခွင့်အရေးနည်းပါးနေပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် အိုနာနာကို အရန်ခုံထိုင်ခိုင်းပြီး ဘာယင်ဒါကို အသုံးပြုဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။
ဒါပေမယ့်လည်း တန်ဟက်ခ်ကတော့ “ကစားသမားတွေက အမြဲတမ်း ယုံကြည်မှု လိုအပ်ပါတယ်။ အယ်လစ်ဆန်ပြီးသွားရင် ပရီးမီးယားလိဂ်မှာ အိုနာနာက ဂိုးပေါက်ကာကွယ်မှု အကောင်းဆုံး ကစားသမားပါ။ ဒီတော့ သူ ပွဲကစားခွင့်ရဖို့ ထိုက်တန်ပါတယ်။ သူ့မှာ အလားအလာရှိတာကြောင့် ကျွန်တော်တို့ သူနဲ့ ပုံမှန် အလုပ်လုပ်သွားဖို့ လိုအပ်ပါတယ်”
“မန်နေဂျာတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေက သူ့ကို အားပေးထောက်ခံသွားမှာပါ။ သူ့ကို ချန်လှပ်တာက အကူအညီမဖြစ်ပါဘူး။ ဘယ်သူ့ကိုမှ ချန်လှပ်ခဲ့လို့ မရပါဘူး။ ဒါက ရှင်းလင်းပါတယ်။ သူက ကျွန်တော်တို့ကို ဆုဖလားတွေရအောင် ကူညီပေးနိုင်ဖို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီနေ့ညမှာ နယူးကာဆယ်နဲ့ ပွဲကျပ်တစ်ပွဲအဖြစ် ပရီးမီးယားလိဂ်အဝေးကွင်းပွဲကို ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ တန်ဟက်ခ်ရဲ့ ပြောစကားတွေအရတော့ အိုနာနာတစ်ယောက် ဒီနေ့ညပွဲမှာလည်း ပွဲထွက်ခွင့်ရရှိဖို့ သေချာသလောက်ရှိနေပါတယ်။