ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ဂိုးသမား အိုနာနာရဲ့ ညွှန်ကြားချက်တွေကို ဂရုမစိုက်ဟန်ပြခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ အိုနာနာဟာ ရီးရဲလ်မက်ဒရစ်ကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံးပွဲထွက် ကစားပေးခဲ့ပါတယ်။
အဲ့ဒီပွဲရဲ့ ပွဲချိန်အတွင်း ယူနိုက်တက် ကစားသမားတွေ ကိုယ့်ရဲ့ပင်နယ်တီဧရိယာအတွင်း နေရာယူနေချိန်မှာ အိုနာနာက ကစားသမားတွေကို ညွှန်ကြားမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကတော့ အိုနာနာကို ဂရုမစိုက်ဘဲ အရေးမစိုက်ခဲ့ဟန်ပြခဲ့ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ ဒီလုပ်ရပ်အပေါ် ဝေဖန်နေကြပါတယ်။
အဆိုပါဗီဒီယိုမှာ “အသင်းခေါင်းဆောင် ဘရူနိုက သူ့ကို တစ်ခြားတစ်ယောက်က အကြံပေးတာမျိုး၊ အမှားပြင်ပေးတာမျိုးကို လက်မခံချင်ပါဘူး။ သူက အသင်းရဲ့ ကစားသမားသစ် အိုနာနာကို လုံးဝ လျစ်လျူရှုခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ အဆိုပါ အင်စတာဂရမ်ပို့စ်အောက်မှာပဲ အခုလို တုံ့ပြန်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ထောင့်ကန်ဘောမှာ ကိုယ်ယူရမယ့်နေရာကို ကိုယ်သွားနေတာတောင်မှ အိုနာနာကို လျစ်လျူရှုပါတယ်လို့ ဖြစ်အောင် လုပ်နိုင်တာ တကယ်တော်ပါတယ်။ ဒါကို ကြည့်ရဆိုးအောင် ကောင်းကောင်းကြိုးစားထားတာပဲ” လို့ လှောင်ပြောင်သွားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိနွေရာသီမှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးမှာလည်း ပွဲအများစုကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။ အိုနာနာကလည်း လက်ရှိနွေရာသီမှာမှ အင်တာမီလန်ကနေ ယူနိုက်တက်ကို ရောက်လာခဲ့တာဖြစ်ပြီး လာမယ့်ရာသီ အသင်းရဲ့ နံပါတ် (၁) ဂိုးသမားဖြစ်လာဖို့ သေချာနေပါတယ်။