ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဓိကဂိုးသမားဖြစ်ခဲ့တဲ့ ဒီဂီယာရဲ့ အမှားအယွင်း သုံးခုကို မြင်တွေ့ခဲ့တဲ့နောက် အိုနာနာကို အရခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ အင်တာမီလန်ဂိုးသမား အိုနာနာကို ဒီနွေရာသီမှာ အရခေါ်ယူခဲ့ပြီးပါပြီ။
လာမယ့်ဘောလုံးရာသီမှာတော့ အိုနာနာက ယူနိုက်တက်ရဲ့ အဓိကဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရရှိမှာဖြစ်ပြီး အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းတန်ဟက်ခ်နဲ့လည်း အင်္ဂလန်မြေမှာ ပြန်လည် လက်တွဲခွင့်ရရှိမှာပါ။ တန်ဟက်ခ်ဟာ ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးခဲ့ပြီး ဒီလိုမျိုး ထွက်ခွာခွင့်ပေးခဲ့တဲ့ အကြောင်းရင်းတွေကို မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒီဂီယာဟာ တန်ဟက်ခ်ရဲ့ ကစားကွက်မှာ ပါဝင် ပူးပေါင်းနိုင်ခြင်းမရှိသလို ပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းက ဂိုးပေါက်ကာကွယ်မှုတွေမှာပါ အမှားအယွင်းရှိလာခဲ့တဲ့နောက် သူ့ကို လက်လွှတ်ခံဖို့ တန်ဟက်ခ်က ဆုံးဖြတ်ခဲ့တာပါ။ တန်ဟက်ခ်ဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ပေးလိုက်ရတဲ့ ဂွန်ဒိုဂန်ရဲ့ သွင်းဂိုးနှစ်ဂိုးအတွက် ဒီဂီယာအနေနဲ့ အဝေးဘောတွေကို ကာကွယ်နိုင်ဖို့ လုံလောက်တဲ့ အရည်အချင်းမရှိကြောင်း ကောက်ချက်ချခဲ့ပါတယ်။
ဒီဂီယာဟာ အဆိုပါပွဲမှာ မန်စီးတီးရဲ့ ဖိအားပေး ကစားဟန်ကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ခြင်းမရှိဘဲ သူ့ဆီ ရောက်လာတဲ့ဘောလုံးတွေကို ခပ်ဝေးဝေးသာ ကန်တင်ပစ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဆီဗီလာကို သုံးဂိုးပြတ်ရှုံးပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်က ထွက်ခဲ့ရတဲ့ပွဲမှာလည်း ဒီဂီယာက အမှားအယွင်းရှိခဲ့ပြီး ဒီအချက်တွေကြောင့် တန်ဟက်ခ်တစ်ယောက် အိုနာနာကို အရခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီဂီယာအနေနဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ပြိုင်ဘက် ကစားသမားရဲ့ အဝေးကန်ချက်ကို အလွယ်တကူ ကာကွယ်နိုင်ခဲ့သင့်ပေမယ့် ပေါ့ဆတဲ့အမှားနဲ့ ဂိုးပေးလိုက်ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဒီဂီယာက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့တဲ့နောက် အသင်းလက်မဲ့ဖြစ်နေဆဲပါ။