ယူနိုက်တက်ဟာ အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အမှန်တကယ် ကမ်းလှမ်းမှုတွေ မရှိသေးကြောင်း အင်တာမီလန်ရဲ့ အမှုဆောင်အရာရှိချုပ် မာရော့တာက ပြောကြားခဲ့ပါတယ်။ အိုနာနာကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင် စိတ်ဝင်စားခဲ့ပြီး လက်ရှိအချိန်မှာတော့ ချဲလ်ဆီးက ဒီအပြောင်းအရွှေ့ကနေ နောက်ဆုတ်သွားခဲ့ပါပြီ။
ယူနိုက်တက်အနေနဲ့ အိုနာနာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ သန်း (၅၀) ဝန်းကျင် ပေးချေရမှာဖြစ်ပြီး အင်တာမီလန်ဘက်ကလည်း ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ နံပါတ် (၁) ဂိုးသမား ဒီဂီယာကိုလည်း စာချုပ်သက်တမ်းတိုးထားခြင်းမရှိဘဲ ဂိုးသမားနေရာအတွက် ဆုံးဖြတ်ရခက်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။
ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ဗဟိုတိုက်စစ်မှူးနေရာကို ဦးစားပေး ခေါ်ယူလိုတာကြောင့် အိုနာနာအတွက် ယူရိုသန်း (၅၀) ပေးချေခဲ့ရပါက လက်ကျန် အပြောင်းအရွှေ့ အသုံးစရိတ်မလုံလောက်မှာကို စိုးရိမ်ပူပန်နေရပါတယ်။ အဲ့ဒါကြောင့်လည်း အိုနာနာအတွက် ပြိုင်ဘက်မရှိတာတောင်မှ ကမ်းလှမ်းမှုပြုလုပ်ဖို့ တွန့်ဆုတ်နေတာဖြစ်နိုင်ပါတယ်။
မာရော့တာက “ယူနိုက်တက်က အိုနာနာကို တော်တော်လေး စိတ်ဝင်စားကြောင်း ပြသထားပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ကမ်းလှမ်းမှုတစ်ခုခု ပြုလုပ်ဖို့တော့ လိုအပ်နေပါတယ်။ ဒီလိုကမ်းလှမ်းလာပြီဆိုတာနဲ့ အင်တာမီလန်ဘက်ကရော၊ ကစားသမားဘက်ကပါ ဂရုတစိုက်နဲ့ ဒီကမ်းလှမ်းမှုကို အကဲဖြတ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အိုနာနာဟာ အေဂျက်စ်မှာ တန်ဟက်ခ်နဲ့ လက်တွဲခဲ့ဖူးတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ အေဂျက်စ်ကနေ အင်တာမီလန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ အိုနာနာက အင်တာမီလန်ရဲ့ နံပါတ် (၁) ဂိုးသမားနေရာကို အရယူနိုင်ခဲ့ပြီး အခုချိန်မှာတော့ အီတလီမြေကနေ ပြန်လည်ထွက်ခွာဖို့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။