ယူနိုက်တက်ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က အိုနာနာရဲ့ အမှားတွေက တစ်သင်းလုံးကို စိတ်ပျက်လက်ပျက်ဖြစ်စေပြီး ယုံကြည်မှုကျဆင်းလာနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ အိုနာနာကို ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်တို့ အင်တာမီလန်ကနေ ခေါ်ယူခဲ့တာပါ။
ဒီဂိုးသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၃) သန်းအထိ ပေးချေခဲ့ရပြီး အိုနာနာကတော့ လက်ရှိအချိန်အထိ ဂိုးပေါက်ကာကွယ်မှုထက် ခွင့်ပြုထားတဲ့ ပေးဂိုးအရေအတွက်က ပိုမိုများပြားနေတာပါ။ ပွဲတိုင်းလိုလိုမှာ အိုနာနာက အမှားအယွင်းတွေ ကျူးလွန်နေတာဖြစ်ပါတယ်။
အိုနာနာကို ပရိသတ်တွေရဲ့ ဝေဖန်သံတွေလည်း တော်တော်လေး ဆူညံနေပြီး အရန်ဂိုးသမားဖြစ်တဲ့ ဘာယင်ဒါကို ပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဘာယင်ဒါကလည်း ပြီးခဲ့တဲ့နွေရာသီကမှ ဖီနာဘာချီကနေ ယူနိုက်တက်ကို ရောက်ရှိလာတာပါ။
အိုနာနာနဲ့ပတ်သက်လို့တော့ ရှမိုက်ကယ်က “ကျွန်တော် အိုနာနာရဲ့ အမှားတွေနဲ့ ပတ်သက်ပြီး ဖိအားတွေကြောင့်ဖြစ်တယ်လို့ ထင်ပါတယ်။ ကျွန်တော် သူနဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲအပြီးမှာရော၊ ဂါလာတာစာရေးနဲ့ပွဲအပြီးမှာရော စကားပြောဖြစ်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့ အမှားတွေနဲ့ ပတ်သက်ပြီး သူ တော်တော် စိတ်ဓာတ်ကျနေပါတယ်”
“အမှားတွေနဲ့ ပတ်သက်ပြီး သူ ပြန်လည် ပြင်ဆင်သုံးသပ်ရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ခင်ဗျား နောက်ထပ်အမှားတွေကို ကျူးလွန်နေမိဦးမှာပဲ။ အခု သူက အသင်းသားတွေကို စိတ်ပျက်နေစေပါတယ်။ အသင်းဖော်တွေက သူ့ကို မယုံကြည်တော့ဘဲ ဒါက ကောင်းမွန်တဲ့ကိစ္စ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။