ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဖာဒီနန်က အိုနာနာရဲ့ စွန့်စားမှုရှိတဲ့ ကစားဟန်ကြောင့် အမှားအယွင်းတွေ မြင်တွေ့ရမှာဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဂိုးသမားက ဒီဂီယာရဲ့နေရာမှာ အစားထိုးနိုင်မယ့် မှန်ကန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်းလည်း ဖာဒီနန်က ထောက်ခံပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ အသင်းမှာ (၁၂) နှစ်ကြာ ကစားခဲ့တဲ့ ဒီဂီယာနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်တော့ဘဲ အဆိုပါ စပိန်လူမျိုးဂိုးသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပါပြီ။ လက်ရှိအချိန်မှာ ယူနိုက်တက်တို့ အင်တာမီလန်ဂိုးသမား အိုနာနာကို ဒီတစ်ပတ်အတွင်း အရခေါ်ယူသွားဖို့ ပစ်မှတ်ထား ကြိုးစားလျက်ရှိပါတယ်။
အိုနာနာဟာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့အတူ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးပြီး တန်ဟက်ခ်ရဲ့ ကစားကွက်မှာ ပူးပေါင်းပါဝင်နိုင်စွမ်းရှိတဲ့ ဂိုးသမားလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ အိုနာနာကို အရခေါ်ယူမှာဖြစ်ပြီး ဖာဒီနန်ကတော့ အိုနာနာနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ကြိုတင် သတိပေးခဲ့ပါတယ်။
ဖာဒီနန်က “အိုနာနာသာ ရောက်လာခဲ့ရင် သူက ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြိုင်ဘက်တွေက သူ့ကို ဖိအားပေးနေချိန်မှာတောင် သူက မပြာသွားတာကို ခင်ဗျားတို့ မြင်မှာပါ။ သူက ဘောလုံးကို ကိုင်ထားတယ်၊ ဖိအားပေးလည်း ခံနိုင်တယ်။ ပါးစပ်ကလည်း ‘လာစမ်းကွာ၊ လာလေကွာ’ လို့ ပြောနေတာပါ”
“အဲ့ဒီမှာ ပြိုင်ဘက်က သူ့ဆီကိုဝင်လာရင် ဘယ်ကစားသမားက လွတ်နေတယ်ဆိုတာကို သူသိပါတယ်။ ကျွန်တော့်အထင် ဒါက အမှားအယွင်းတွေ ရှိလာနိုင်ပါတယ်။ ဒီလိုမျိုး စွန့်စားမှုရှိတဲ့ပုံစံနဲ့ကစားတာက အမှားတွေ ဖြစ်လာနိုင်ပြီး ဒါကလည်း ဖြစ်တတ်တဲ့ သဘောသဘာဝပါ။ ဘာပဲဖြစ်ဖြစ် အခု အိုနာနာရဲ့ အပြောင်းအရွှေ့က ဒီအပြောင်းအရွှေ့ရဲ့ အမှတ်သညာတစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။