ဂျပန်နိုင်ငံ အိုဆာကာမြို့လယ်ရှိ အဆောက်အအုံတစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးကြောင်း သိရပါတယ်။
ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) ဖြစ်ပွားခဲ့တဲ့ ထိုမီးလောင်မှုကို တမင်ရည်ရွယ် မီးရှို့မှုဖြစ်ကြောင်း သံသယရှိတာကြောင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ Kyodo News သတင်းဌာနက စုံစမ်းစစ်ဆေးမှု သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြပါတယ်။ မီးလောင်မှုကို မိနစ် ၃၀ အတွင်း အားလုံးနီးပါး ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဂျပန်မီဒီယာက ပြောပါတယ်။
ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုအရ ဒါဇင်နဲ့ချီတဲ့ မီးသတ်သမားတွေက အထပ် ၈ ထပ်ပါ အဆောက်အအုံ အပြင်ဘက်နဲ့ အတွင်းဘက်မှာ မီးငြှိမ်းသတ်ရေး လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံရဲ့ ၄ ထပ်နေရာမှာ မီးလောင်ကျွမ်းထားတဲ့ အခြေအနေကို ပျက်စီးနေတဲ့ ပြတင်းပေါက်များမှတစ်ဆင့် မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုအထပ်နေရာမှာ စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုနဲ့ အထွေထွေရောဂါကုသမှု ဆေးခန်းဖွင့်လှစ်ထားကြောင်း မီဒီယာတွေက ပြောပါတယ်။ အိုဆာကာ မီးသတ်ဌာနက AFP သတင်းဌာနကို ကနဦး ပြောကြားမှုအရ မီးလောင်မှုအတွင်း ဒဏ်ရာရသူ လူ ၂၈ ဦးအနက် ၂၇ ဦးဟာ သေဆုံးနိုင်ကြောင်းနဲ့ ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ နောက်ပိုင်းမှာတော့ သေဆုံးသူ အနည်းဆုံး ၂၄ ဦးဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဆောက်အအုံရဲ့ ၄ ထပ်မှာ မီးလောင်မှုဖြစ်ပွားကြောင်း ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၈ မိနစ်အချိန်က စတင်သိရှိခဲ့ပြီး မွန်းလွဲပိုင်းမှာ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကား အစီး ၇၀ ရောက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ "မီးလောင်တဲ့အထပ်မှာ မည်းနက်နေတဲ့ မီးခိုးတွေ အများကြီးထွက်နေခဲ့တယ်၊ ပြီးတော့ အရမ်းပြင်းတဲ့ အနံလည်းထွက်နေခဲ့တယ်" လို့ သက်လတ်ပိုင်းအရွယ် မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက NHK သတင်းဌာနကို ပြောပါတယ်။
အိုဆာကာမြို့ဟာ အဓိက စီးပွားရေးအချက်အချက်နေရာဖြစ်ပြီး တိုကျိုပြီးလျှင် ဂျပန်ရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်ပါတယ်။ အဆောက်အအုံ စံချိန်စံညွှန်းတွေ တင်းကျပ်ထားတဲ့ ဂျပန်မှာ လူသေဆုံးမှုရှိတဲ့ မီးလောင်မှုများ ဖြစ်ပွားလေ့မရှိသလို အကြမ်းဖက်ရာဇဝတ်မှုလည်း ရှားပါးတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်က Kyoto အန်နီမေးရှင်စတူဒီယိုတစ်ခုကို မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ဖူးပြီး လူ ၃၆ ဦး သေဆုံးခဲ့ရာ ဆယ်စုနှစ်များအတွင်း ဂျပန်မှာ လူသေဆုံးမှုအများဆုံး အကြမ်းဖက်ရာဇဝတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွက် အမျိုးသားတစ်ဦးကို လူသတ်မှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်အတွင်းမှာတော့ အိုဆာကာမြို့ရှိ ဗီဒီယိုအရောင်းဆိုင်တစ်ဆိုင်ကို မီးရှို့မှုဖြစ်ပွားခဲ့ရာ လူ ၁၆ ဦး သေဆုံးခဲ့ပြီး မီးရှို့ခဲ့သူကို ယခုအခါ သေဒဏ်ချမှတ်ထားကြောင်း သိရပါတယ်။
Phto: Reuters, Kyodo, Getty Images