နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က သူ့အသင်းရဲ့ တိုက်စစ်မှူး ဗစ်တာအိုဆင်မ်ဟန်ကို ခေါ်ယူနိုင်တဲ့အသင်းက ပီအက်စ်ဂျီတစ်သင်းတည်းသာ ရှိကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဆိုပါ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့ လက်ရှိနွေရာသီမှာ ယူနိုက်တက်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီတို့လို ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေတာပါ။
သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း (၁၂၀) ကို ပေးချေလိုခြင်းမရှိပါဘူး။ အိုဆင်မ်ဟန်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ နာပိုလီကို ပြောင်းရွှေ့ကြေး ပေါင် (၆၉) သန်းနဲ့ ရောက်ရှိလာတာဖြစ်ပြီး အသင်းနဲ့လည်း စာချုပ်သက်တမ်း (၂) နှစ် ကျန်ရှိပါသေးတယ်။
လက်ရှိအချိန်မှာတော့ နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က အသက် (၂၄) နှစ်အရွယ် အိုဆင်မ်ဟန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၇၀) သတ်မှတ်လိုက်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒီလော်ရန်းတစ်က “အိုဆင်မ်ဟန်ကို ခေါ်ယူနိုင်တဲ့ တစ်သင်းတည်းသောအသင်းက ပီအက်စ်ဂျီပါ။ တကယ်လို့သာ အယ်လ်ခါလိုင်ဖီ (ပီအက်စ်ဂျီဥက္ကဌ) က သူ့အတွက် ပေါင်သန်း (၁၇၀) ဝန်းကျင်နဲ့ ကမ်းလှမ်းမယ်ဆိုရင် ဘာဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့”
“ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကို ပြောရမယ်ဆိုရင်တော့ အိုဆင်မ်ဟန်က နာပိုလီမှာပဲ ဆက်နေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီလော်ရန်းတစ်ရဲ့ ပြောစကားထဲမှာကိုပဲ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ပါဝင်နေပြီး ဒီပမာဏကို ပေးချေဖို့ကလည်း အသင်းအနည်းငယ်သာ ရှိနိုင်မှာ သေချာပါတယ်။
အိုဆင်မ်ဟန်ဟာ ပြီးခဲ့တဲ့ရာသီမှာ နာပိုလီရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ဒီလော်ရန်းတစ်ကတော့ သူ့ကြိုက်စျေးမရရှိဘူးဆိုရင် အိုဆင်မ်ဟန်ကို ရောင်းချသွားမှာ မဟုတ်ပါဘူး။ ကစားသမားကိုယ်တိုင်ကတော့ သူ့ရဲ့ စံပြပုဂ္ဂိုလ်က ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာဖြစ်တယ်လို့ ဆိုထားပြီး လက်ရှိအချိန်မှာတော့ ချဲလ်ဆီးက ကစားသမားနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပြီးဖြစ်ပါတယ်။