ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ဒုတိယသက်တမ်းအတွင်း မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေထဲက တစ်ဦးကို ဦးချိုးထားဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ရော်နယ်လ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးအပြီးမှာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နာဆာကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီယားလိဂ်သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုဗိုလ်ဖြစ်အောင် ၆ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီး နွေရာသီမှာ ရော်နယ်လ်ဒိုက အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ နည်းပြသစ် အဲရစ် တန်ဟက်လက်အောက်မှာ ခြေစွမ်းပိုင်း ကျဆင်းခဲ့ပြီး ကမ္ဘာ့ဖလားနားရက်မတိုင်ခင် ၁၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒို ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း မန်ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၁ ပွဲအထိ နိုင်ပွဲရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ Sportskeeda က ကော်လံထဲမှာ အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာတုန်းက ဘရူနို ဖာနန်ဒက်စ်နဲ့ ကွင်းထဲမှာ အတူတူ ရှိနေချိန်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းဖော်ကို ဦးချိုးထားနိုင်အောင် ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာကမ္ဘာ့ဖလားအပြီးကတည်းက မန်ချက်စတာယူနိုက်တက်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ခြေစွမ်းပြသနေခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၈ ဂိုးအထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။ပေါလ် မာဆန်က ရော်နယ်လ်ဒိုရဲ့ ထွက်ခွာမှုက ဘရူနို ဖာနန်ဒက်စ်ကို အကူအညီဖြစ်စေခဲ့တယ်လို့ ယုံကြည်နေပြီး "မန်ယူနိုက်တက်က ရော်နယ်လ်ဒို ထွက်သွားကတည်းက တိုးတက်ခဲ့တယ်။ သူတို့တွေ တိုးတက်လာခဲ့တယ်မဟုတ်လား။ တခြားကစားသမားတွေကလည်း အခုဆိုရင် အများကြီးပိုပြီး သူတို့ကိုယ်သူတို့ စပြီး ထုတ်ဖော်ပြသလာပါတယ်။ ရက်ရှ်ဖို့ဒ်က ဂိုးသွင်းတာ မရပ်တန့်နိုင်တော့ဘူး။ ဘရူနို ဖာနန်ဒက်စ်ကလည်း အခုအချိန်မှာ မတူညီတဲ့ကစားသမားတစ်ဦးပုံစံပေါက်နေပါတယ်"
"သူက ရော်နယ်လ်ဒိုရဲ့ ဦးချိုးတာ ခံခဲ့ရတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီလို ပြောတာက မမျှတတာ ဖြစ်နိုင်ပေမယ့် အပြင်လူအနေနဲ့ ကြည့်ရင် အဲဒီလိုပုံစံဖြစ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်က သူတို့ ရှိနေကျ ခြေစွမ်းတည်ငြိမ်မှုမျိုး မရှိခဲ့ဘဲ အဲဒါကြောင့်ပဲ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ သူတို့တွေ ရှိနေခဲ့တဲ့နေရာမှာ ရှိနေခဲ့တာပါ။ လိဒ်စ်က ဒီအပတ် ကြီးမားတဲ့ရမှတ်ကို ရယူနိုင်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်က အဲလန်းရုဒ်မှာ နောက်ထပ် သရေကျတာ ခင်ဗျား မြင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး သူတို့တွေ တခြားနေ့မှာ ဒီလိုမျိုး ဖြစ်နေမယ်လို့ ကျွန်တော် မမြင်ဘူး။ မန်ယူနိုက်တက်က ဒီပွဲကို အနိုင်ရလိမ့်မယ်လို့ ကျွန်တော် တော်တော်လေး ယုံကြည်ချက်ရှိနေပါတယ်။ သူတို့တွေ ပြန်လာနိုင်ပြီး ဒီပွဲမှာ သက်တောင့်သက်သာနိုင်ပွဲရလိမ့်မယ်လို့ ကျွန်တော် မျှော်မှန်းထားပါတယ်"လို့ ပြောကြားခဲ့ပါတယ်။