ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ ရီးရဲလ်ကိုပြောင်းရွှေ့ခဲ့ဖူးသူဖြစ်ပြီး ၉ နှစ်ကြာ ကစားပေးခဲ့ကာ အောင်မြင်မှုအများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာချိန်မှာလည်း ရော်နယ်ဒိုက ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရှိမှာ လိဂ်ဂိုး ၁၈ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ဆိုးရွားတဲ့ရလဒ်တွေ၊ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိတော့တဲ့ အခြေအနေတွေကြောင့် သူက ယူနိုက်တက်ကနေ ရာသီကုန်မှာ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
ဘရန်ဖို့ဒ်နဲ့ပွဲမှာ အသင်းအတွက် ပင်နယ်တီကတဆင့် တဂိုးသွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုက ပွဲအပြီးမှာ အိမ်ကွင်းပရိသတ်တွေကို လိုက်လံနှုတ်ဆက်နေခဲ့ပြီး ရယ်မောပျော်ရွှင်နေခဲ့ပါတယ်။ ဒီမြင်ကွင်းကို Sky Sports က အမိအရလိုက်လံရိုက်ကူးခဲ့ကာ အနီးကပ်ဆွဲပြီးရိုက်ကူးနေချိန်မှာ ရော်နယ်ဒိုက "ကျနော် မပြီးဆုံးသေးဘူး" လို့ ပြောဆိုနေမှုပါဝင်ခဲ့တယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။
ဒါဟာ သူ ယူနိုက်တက်မှာ ဆက်လုပ်စရာတွေရှိသေးတယ်ဆိုတာကို ရော်နယ်ဒိုက အသိပေးခဲ့ပြီး သူ့အနာဂတ်ကိုပါ ဖြေရှင်းလိုက်တာလည်းဖြစ်ပါတယ်။ ဒီအတွက် သူ အသင်းက နောက်တကြိမ်ထွက်ခွာသွားမှာကို စိုးရိမ်နေတဲ့ ပရိသတ်တွေရင်အေးခဲ့ရပြီဖြစ်ကာ သူတို့ချစ်တဲ့ ကစားသမားကြီးကို နောက်ရာသီမှာလည်း အသင်းအတွက် ကစားပေးနေတာကို မြင်တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။