မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိချိန်ကစလို့ ပုံမှန်ပွဲထွက်ခွင့်မရသလို အရန်ကစားသမားအဖြစ်နဲ့လည်း မိနစ်နည်းနည်းလေးသာ ဝင်ကစားထားရတဲ့ ဗန်ဒီဘိခ်ဟာ နယူးကာဆယ်က သူ့ကိုကမ်းလှမ်းခဲ့မှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဗန်ဒီဘိခ်ဟာ ဗီလာနဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ ပွဲပေါင်း ၅၀ ပြည့်ခဲ့ပေမယ့် ပွဲအများစုကတော့ အရန်ကစားသမားအဖြစ် ဝင်ကစားခဲ့ရတာပါ။
Transfermarkt ရဲ့ ဖော်ပြချက်အရ ဗန်ဒီဘိခ်ဟာ အသင်းအတွက် မိနစ်ပေါင်း ၁၈၃၆ မိနစ်သာ ကစားထားရသေးပြီး ဒါဟာ ဒီရာသီကမှ အသင်းကိုရောက်လာတဲ့ ဆန်ချိုထက်တောင် နည်းပါးနေခဲ့တာပါ။ နည်းပြသစ်ရန်းဂ်နစ်ခ်လက်ထက်မှာလည်း သူ နေရာရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခုချိန်ထိ အရန်ကစားသမားဘ၀မှာသာ ရှိနေသေးပြီး ကစားသမားကတော့ သူ ပွဲကစားခွင့်ရမယ့်အချိန်ကို စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
ကမ္ဘာ့ဖလားမှာ ပါဝင်ချင်ရင် ပွဲထွက်ခွင့်ရမှဖြစ်မယ်လို့ ဟော်လန်နည်းပြဗန်ဂါးလ်ကလည်း ပြောဆိုထားပြီး ဒီပုံစံအတိုင်းသာ ဆက်ရှိနေမယ်ဆိုရင်တော့ ခြေစွမ်းခြေစရှိတဲ့ ဗန်ဒီဘိခ်ဟာ ၄ နှစ်မှ တကြိမ်ကျင်းပတဲ့ ပြိုင်ပွဲကြီးကိုပါ လွဲချော်ဖွယ်ရာရှိနေပါတယ်။ နယူးကာဆယ်ကို ပြောင်းရွှေ့မယ်ဆိုရင် ပုံမှန်ကစားခွင့်ပိုမိုရရှိနိုင်မှာဖြစ်ပေမယ့် ကစားသမားဘက်က ခါးခါးသီးသီးပဲ ငြင်းဆန်ခဲ့တယ်လို့ The Sun က ဆိုပါတယ်။
ယူနိုက်တက်ပရိသတ်တွေကိုယ်တိုင်ကလည်း ဟော်လန်ကွင်းလယ်လူနေရာမရတဲ့အပေါ်မှာ နားမလည်နိုင်ဖြစ်နေပြီး ကစားသမားအတွက် အမြဲတမ်းလိုလိုတောင်းဆိုမှုတွေ ပြုလုပ်ပေးနေခဲ့ပါတယ်။ ဆိုးလ်ရှား၊ ကာရစ်၊ ရန်းဂ်နစ်ခ်တို့ကတော့ ဘယ်လိုသဘောနဲ့ ဗန်ဒီဘိခ်ကို အသုံးမပြုလဲဆိုတာကို တိတိကျကျပြောဆိုခဲ့ခြင်းမရှိဘဲ ကစားသမားမှာ အခွင့်အရေးရှိတယ်လို့သာ ပြောဆိုခဲ့ပြီး တကယ်တမ်းကစားချိန်မှာတော့ ချန်လှပ်ထားခဲ့ကြတာဖြစ်ပါတယ်။