အိုဇေးလ်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကလည်း အံ့အားသင့်စရာပါ။

အယ်လ်နာဆာ တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း အိုဇေးလ်ရဲ့ ကြံ့ခိုင်မှုလေ့ကျင့်ခန်း ပြုလုပ်နေတဲ့ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးရင်း နှစ်ဦးကြားက သံယောစဉ်ကို ဖော်ထုတ်ပြသသွားခဲ့ပါတယ်။ အိုဇေးလ်ဟာ လက်ရှိမှာ ကစားသမားဘဝက အနားယူသွားပြီဖြစ်ပါတယ်။



အာဆင်နယ်၊ ဖီနာဘာချီတို့မှာ ဆိုးရွားတဲ့ ကစားသမားဘဝ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရတဲ့နောက် အိုဇေးလ်က သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒီဂျာမနီလက်ရွေးစင်ဟောင်းကြီးက ဘောလုံးကစားခြင်းက အနားယူလိုက်ပြီးမှ ခန္ဓာကိုယ်က ပိုမိုကြံ့ခိုင်လာခဲ့တာကို မြင်တွေ့နေရပါတယ်။

အိုဇေးလ်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုအပေါ်မှာလည်း ပရိသတ်တွေက အံ့အားသင့်နေရပြီး သူ အခုလိုမျိုး လေ့ကျင့်ခန်းလုပ်နေတဲ့​ ဗီဒီယိုရဲ့ပို့စ်အောက်မှာလည်း ရော်နယ်ဒိုက “မဆိုးပါဘူး၊ ကိုယ့်လူ” လို့ မှတ်ချက်ရေးကာ ဝင်ရောက် အားပေးသွားခဲ့ပါတယ်။​

အိုဇေးလ်ကလည်း အဆိုပါဗီဒီယိုရဲ့ ကပ်ရှင်အတွက် “အမြဲတမ်း အဆင်သင့်ဖြစ်နေတော့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေဖို့ မလိုတော့ဘူးပေါ့” လို့လည်း ရေးသားခဲ့ပါသေးတယ်။ ရော်နယ်ဒိုနဲ့ အိုဇေးလ်တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ တော်တော်လေး အတွဲမိခဲ့ကြတာပါ။

ရော်နယ်ဒို၊ အိုဇေးလ်၊ ဒီမာရီယာ၊ ဘန်ဇီမာ၊ ဟီဂွါအင်တို့ တိုက်စစ်ပိုင်းက အိုဇေးလ်တစ်ယောက်ကြောင့် တော်တော်လေးကို ကြွကြွရွရွရှိခဲ့ပြီး ရော်နယ်ဒိုတစ်ယောက် အဲ့ဒီအချိန်မှာ ဂိုးတွေမြူးခဲ့တာကလည်း အိုဇေးလ်ကြောင့်လို့ ပရိသတ်တွေက ဆိုနေကြပါတယ်။

Share

Loading Next Article...
က္က