အာဆင်နယ်ကစားသမားဟောင်း အီမန်နျူရယ် ဖရင်းပေါင်က အမ်းမရိတ်စ်ခေတ်မှာ အိုဇေးလ်ထက် ပိုမိုကောင်းမွန်ခဲ့တဲ့ ကစားသမား ၄ ဦးကို ပြောပြခဲ့ပါတယ်။
အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၅၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ပေးခဲ့သူဖြစ်ပြီး အမ်းမရိတ်စ်ကနေ ဖီနာဘာချီ၊ ဖီနာဘာချီကနေ အစ္စတန်ဘူလ် ဘာဆတ်ဆီဟီရာကို ပြောင်းရွှေ့ကစားပေးခဲ့ပြီးနောက် အသက် ၃၄ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူလိုက်ဖြစ်တယ်လို့ ယနေ့မှာ အတည်ပြုကြေညာသွားခဲ့တာဖြစ်ပါတယ်။
ဂျာမန်ကွင်းလယ်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက အာဆင်နယ်နည်းပြ အာတီတာနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီး လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပြီးနောက် အငြင်းပွားဖွယ်ပုံစံနဲ့ လမ်းခွဲသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဖရင်းပေါင်က အိုဇေးလ်ရဲ့ အမွေအနှစ်တွေအကြောင်း မေးမြန်းခြင်းခံခဲ့ရချိန်မှာ “အိုဇေးလ်က အဆင်နယ် အမ်းမရိတ်စ်ကာလမှာ အကောင်းဆုံးကစားသမားမဟုတ်ခဲ့ပါဘူး။ ထိပ်တန်း ၃ ဦးက ရော်ဘင် ဗန်ပါစီ၊ ဆန်တီ ကာဇိုလာ၊ အလက်ဆစ် ဆန်းချက်ဇ်တို့ပါ။ ဖာဘရီဂတ်စ်က စတုတ္ထဖြစ်ပါလိမ့်မယ်။ အဲဒီတော့ အိုဇေးလ်က ထိပ်ဆုံး ၅ ဦးထဲမှာတော့ ပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။