ဘယ်လင်ဟမ်ရဲ့မိသားစုတွေက တက်တက်ကြွကြွနဲ့ လိုက်အားပေးခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ကတော့ မနေ့ညက ချန်ပီယံလိဂ်ဖလားရပြီးတဲ့နောက် မိသားစုဝင်တွေရဲ့မျက်နှာကို မြင်ရတာကြောင့် စိတ်လှုပ်ရှားခဲ့ရကြောင်း ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်နဲ့ ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ်ဖလားဖိုင်နယ်မှာ ရီးရဲလ်က နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ရီးရဲလ်က ဒုတိယပိုင်းမှာ ကာဗာဟယ်လ်၊ ဗီနီရှပ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရီးရဲလ်အတွက် သူတို့အသင်းသမိုင်းတစ်လျှောက် (၁၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားလည်း ဖြစ်ခဲ့တာပါ။

ဘယ်လင်ဟမ်အတွက်လည်း သူ့ရဲ့ ရီးရဲလ်ကစားသမားဘဝ ပထမဆုံးရာသီမှာတင် ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလားသုံးလုံးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘယ်လင်ဟမ်က “ကျွန်တော့်အဖေနဲ့ အမေ့ရဲ့မျက်နှာကို ပွဲကြည့်စင်မှာ မမြင်ရခင်အချိန်အထိ ကျွန်တော် အေးဆေးပါပဲ”

“သူတို့ကို မြင်လိုက်ရတာက ကျွန်တော့်အတွက် ရိုက်ခတ်မှုကြီးမားသွားပါတယ်။ ကျွန်တော့် ညီလည်း ပွဲကြည့်စင်ပေါ်မှာရှိနေတာပါ။ ကျွန်တော်က သူ့အတွက် စံပြပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားနေရတာလေ။ ဒီအတွက် ကျွန်တော့်မှာ စကားလုံးတွေနဲ့ ဖော်ပြစရာတောင် မရှိပါဘူး။ ကျွန်တော့်ဘဝအတွက် အကောင်းဆုံး ညတစ်ညပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်ရဲ့အဖေ၊ အမေနဲ့ ညီဖြစ်သူတို့ဟာ မနေ့က ချန်ပီယံလိဂ်ဗိုလ်လုပွဲမစခင် (၅) နာရီလောက် အလိုကတည်းက ဝင်ဘလေကွင်းကို ရောက်ရှိနေကြတာပါ။ ရီးရဲလ် ချန်ပီယံဖြစ်သွားချိန်မှာလည်း သူတို့က ပရိသတ်တွေကြားထဲ အောင်ပွဲခံနေကြပြီး ပွဲအပြီးမှာ ဘယ်လင်ဟမ်ရဲ့အမေက မော်ရင်ဟိုနဲ့တောင် ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က