ရော်နယ်ဒိုရဲ့သားနဲ့မာတစ်ရဲ့သားတို့ အတူတူ အစွမ်းပြခဲ့ကြတာပါ။

ကြာသပတေးညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ တဖက်တဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် အလွန်ဆိုက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ရော်နယ်ဒိုက ယူနိုက်တက်အတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။



ရော်နယ်ဒို သွင်းယူခဲ့တဲ့ ချေပဂိုးကို ကွင်းလယ်လူ မာတစ်က ဖန်တီးပေးခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ဘောလုံးကိုတချက်ထိန်းကာ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မာတစ်ဟာ ဒီဂိုးအပါအဝင် ရော်နယ်ဒိုရဲ့ နောက်ဆုံးသွင်းဂိုးနှစ်ဂိုးဆက်တိုက်ကို ဖန်တီးပေးခဲ့တာပါ။

အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း မာတစ်က ရော်နယ်ဒိုရဲ့ သွင်းဂိုးအတွက် ဖြတ်တင်ဘောပေးပို့ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ချိန်သားကိုက် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ရော်နယ်ဒိုနဲ့မာတစ်တို့နှစ်ယောက် ကွင်းထဲမှာအတွဲညီနေတာကို သူတို့တွေရဲ့ သားနှစ်ယောက်ကလည်း လိုက်ပါပုံဖော်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့သား ခရစ္စတီယာနိုဂျူနီယာနဲ့ မာတစ်ရဲ့သား ဖိလစ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ မာတစ်ဖန်တီးတာကို ရော်နယ်ဒို ဂိုးသွင်းလိုက်တဲ့ပုံစံအတိုင်း တထပ်တည်းလုပ်ပြနိုင်ဖို့ ကြိုးစားပြခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ဖိလစ် ပေးပို့လိုက်တဲ့ ဘောလုံးကို ဂျူနီယာက တချက်ထိန်းပြီး ဂိုးထဲကိုကန်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်ယောက်သား ပခုံးဖက်ပြီး ကင်မရာရှေ့မှာ ရော်နယ်ဒိုရဲ့ နာမည်ကျော်အောင်ပွဲခံဟန်ဖြစ်တဲ့ “Siuuu” လို့ အော်ဟစ်အောင်ပွဲခံခဲ့ကြပါတယ်။



ဂျူနီယာနဲ့ဖိလစ်တို့နှစ်ယောက်လုံးဟာ ယူနိုက်တက် အကယ်ဒမီမှာ အသင်းဖော်တွေဖြစ်ကြပြီး ဂျူနီယာကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ ကျောနံပါတ် (၇) ကို ဝတ်ဆင်လျက်ရှိပါတယ်။ ဒီဗီဒီယိုကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက်သဘောကျနေကြပါတယ်။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ဖခင်တွေရဲ့အနာဂတ်ကတော့ ယူနိုက်တက်မှာ မရေမရာဖြစ်နေပါတယ်။ မာတစ်ကတော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပြီး ရော်နယ်ဒိုကလည်း နည်းပြသစ် အဲရစ်တန်ဟက်ခ်လက်ထက် အသင်းမှာ ဆက်ရှိ၊ မရှိ မသေချာသေးတဲ့ အနေအထားလို့လည်းဆိုရမှာပါ။ 

Share

က္က