အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သောကြာနေ့ညက အယ်လ်-ဖာတာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အယ်လ်-နာဆာအသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ဖို့အတွက် ရွှေရောင်အခွင့်အရေး၂ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ ဆော်ဒီ အာရေဗျမှာ ပထမဆုံးပါဝင်ကစားခဲ့တဲ့ ၂ ပွဲမှာ ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ အရှေ့အလယ်ပိုင်းက ကစားသမားဘဝကို အကောင်းဆုံးပုံစံနဲ့ မစတင်နိုင်ခဲ့တာ ဖြစ်ပြီး သောကြာနေ့ညက အယ်လ်-နာဆာအတွက် တတိယမြောက်ပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ နောက်ဆုံးမှာတော့ အယ်လ်-ဖာတာနဲ့ ပွဲစဉ်မှာ နောက်ကျ ပင်နယ်တီကနေ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပြီးနောက် ပထမဆုံး သွင်းဂိုးကို ရရှိခဲ့တာဖြစ်ပြီး အယ်လ်-နာဆာအသင်းဟာ ရှုံးနိမ့်တော့မယ့်ပုံပေါ်ခဲ့ရာကနေ သရေ ၁ မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ဇန်နဝါရီလအစမှာ ရော်နယ်လ်ဒိုက ဆော်ဒီ အာရေဗျကလပ်အသင်းနဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၂၀၀ ဝန်းကျင် တန်ကြေးရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အယ်လ်-ဖာတာနဲ့ ပွဲစဉ်မှာ အကောင်းဆုံးပွဲတစ်ပွဲကို မပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကစားသမားဘဝတလျှောက်လုံး ပုံမှန်သွင်းယူနေကျ အနေအထားမျိုးနဲ့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

အယ်လ်-ဖာတာအတွက် ဘာစီလိုနာတောင်ပံကစားသမားဟောင်း ခရစ်ရှန် တယ်လိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ ရော်နယ်လ်ဒိုက ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးက လူကျွံနေတာကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးဖို့ ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ပြီးတဲ့နောက်မှာ ရွှေရောင်အခွင့်အရေးတစ်ခုကို လွဲချော်ခဲ့တာဖြစ်ပြီး တာလစ်စ်ကာ ကန်သွင်းရာကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီ ဧရိယာထဲမှာ ရရှိခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ဒုတိယမြောက်အခွင့်အရေးမှာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးဘားတန်းကိုသာ ထိမှန်သွားခဲ့တာ ဖြစ်ပြီး တာလစ်စ်ကာက အယ်လ်-နာဆာအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ အယ်လ်-ဖာတာအသင်းက နောက်ထပ်တစ်ကြိမ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ အယ်လ်-နာဆာအသင်းက နောက်ထပ်ချေပဂိုးမသွင်းယူနိုင်တာကြောင့် ၂-၁ နဲ့ပဲ ပွဲပြီးဆုံးသွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ အယ်လ်နာဆာက ပင်နယ်တီ ရရှိခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုက ဂိုးအလယ်တည့်တည့်ကို အပြင်းကန်သွင်းယူပြီး ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အယ်လ်-ဖာတာနဲ့ပွဲက သွင်းဂိုးဟာ ရော်နယ်လ်ဒိုအတွက် ဆော်ဒီ ပရိုလိဂ်မှာ ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပြီး အယ်လ်-နာဆာအသင်းကလည်း ရမှတ်ဆုံးရှုံးတော့မယ်လို့ ထင်မှတ်ထားချိန်မှာ သရေတစ်မှတ် ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က