ဝက်စ်ဟမ်းနဲ့ပွဲမှာ အဖိုးတန်ဂိုးရအောင် သူတို့ကူညီပေးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းကို ရက်ရှ်ဖို့ဒ်ရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ယူနိုက်တက်နည်းပြရန်းဂ်နစ်ခ်က အသင်းရဲ့ တိုက်စစ်မှူးအားလုံးကို အသုံးပြုခဲ့ရပါတယ်။ ပထမပိုင်းမှာ​ ရော်နယ်ဒို၊ ဂရင်း၀ုဒ်၊ အီလန်ဂါတို့ကို ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်းမှာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကို ထည့်သွင်းခဲ့ကာ ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ ဝက်စ်ဟမ်းကိုအနိုင်ရရှိခဲ့ပါတယ်။ 

သွင်းဂိုးရဖို့ လိုအပ်နေချိန်မှာ ရန်းဂ်နစ်ခ်က တိုက်စစ်မှူးတွေကို စုပြုံထည့်သွင်းခဲ့ပြီး အနိုင်ဂိုးရရှိချိန်မှာတော့ တိုက်စစ်မှူးလေးဦးပူးပေါင်းကာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တဲလက်စ်အဲလက်စ်ရဲ့ ပေးပို့မှုကို ဝက်စ်ဟမ်းကစားသမားဟန့်တားရာကနေ ရော်နယ်ဒိုဆီ ဘောလုံးရောက်သွားခဲ့ပြီး ရော်နယ်ဒိုက မာရှယ်ကို ပေးပို့ခဲ့ပြီး မာရှယ်က ကာဗာနီကို ထပ်မံပေးခဲ့ကာ ကာဗာနီက ဂိုးရှေ့ကို အနိမ့်ဘောဖြတ်တင်ပေးရာမှာ ရက်ရှ်ဖို့ဒ်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ 

ဒီသွင်းဂိုးမှာတော့ အသက် ၃၆ နှစ်အရွယ်​ရော်နယ်ဒိုနဲ့ အသက် ၃၄ နှစ်အရွယ် ကာဗာနီတို့ရဲ့ အားထုတ်မှုက ချီးကျူးစရာကောင်းခဲ့ပါတယ်။ ရော်နယ်ဒိုက တပွဲလုံးပွဲချိန်ပြည့်ကစားခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဂိုးရဖို့လိုအပ်ချိန်မှာတော့ ဘောလုံးဆင်းတောင်းတာ၊ လိုက်လုယူတာတွေ ပြုလုပ်ခဲ့ပြီး အခွင့်အရေးရချိန်မှာလည်း ကစားကွက်ထဲ လိုက်ပါခဲ့ပြီး သွင်းဂိုးရအောင် ကူညီနိုင်ခဲ့ပါတယ်။


ကာဗာနီကလည်း လူစားဝင်ချိန်ကစပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ပုံကောင်းမွန်ခဲ့ပြီး မာရှယ်ရဲ့ပေးပို့မှုကို လက်ခံပြီး ရက်ရှ်ဖို့ဒ်ဆီ အသင့်ပိတ်သွင်းယူနိုင်တဲ့အနေအထားဖြစ်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးက အသက်အရွယ်အရ ကြီးမြင့်နေပြီဖြစ်ပေမယ့် အသင်းဂိုးလိုအပ်နေချိန်မှာ အားကုန်ညှစ်ကစားပေးခဲ့ပြီး သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ ပြင်းပြမှုက အမှန်တကယ်ချီးကျူးချင်စရာကောင်းနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က