ဇင်ချန်ကို၊ ပါတေးတို့ မပါဝင်ခဲ့တဲ့ အာဆင်နယ်မှာ အယ်လ်နီနီ၊ တီယာနေးတို့ ပွဲထွက်ခဲ့ပြီး ကျန်တဲ့နေရာတွေက အပြောင်းအလဲမရှိခဲ့ပါဘူး။ ကစားပုံကလည်း ပထမပိုင်းမှာတင် အခွင့်အရေးတွေရခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာက အာဆင်နယ်အတွက် နစ်နာခဲ့ရပါတယ်။
ဖူလ်ဟမ်ကလည်း အာဆင်နယ်ကို ခံစစ်ကစားနေရတယ်ဆိုပေမယ့် ပြန်လည်တုံ့ပြန်ချိန်မှာလည်း အာဆင်နယ်နောက်တန်းကို ဒုက္ခရောက်အောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မီထရိုဗစ်ရဲ့ ကြံ့ခိုင်မှုက ဆာလီဘာကိုရော၊ ဂါဘရီရယ်လ်ကိုပါ ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီး ကြံ့ခိုင်မှုချင်းယှဥ်ပြီးတော့ပဲ မီထရိုဗစ်က အာဆင်နယ်ဘက်ကို ဦးဆောင်ဂိုးသွင်းခဲ့သေးတာပါ။
ဂါဘရီရယ်က မလိုအပ်ဘဲ ဂိုးဧရိယာထိပ်မှာ ဘောလုံးကိုင်၊ အချိန်ဆွဲနေခဲ့ပြီး မီထရိုဗစ်က နောက်ကနေ ဘော်ဒီတိုက်တဲ့အချိန်မှာ မယှဥ်နိုင်တော့ဘဲ ဘောလုံးပေးလိုက်ရ၊ ဂိုးပါပေးလိုက်ရပါတယ်။ မီထရိုဗစ်ကတော့ ဖူလ်ဟမ်အတွက် တော်တော်လေးအဖိုးတန်တဲ့ ကစားသမားဖြစ်ပြီး လီဗာပူးနောက်တန်းက အာနိုးလ်၊ ဗန်ဒိုက်ချ်တို့တောင် သူ့ကြောင့်ပဲ ရာသီအဖွင့်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါသေးတယ်။
အာဆင်နယ်ကတော့ တိုက်စစ်ပြီးရင်း တိုက်စစ်ဆင်နေခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ မီထရိုဗစ်ရဲ့ ဦးဆောင်ဂိုးကြောင့် တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်တို့ ဂိုးချက်ချင်းပြန်ရခဲ့တာကပဲ ကံကောင်းခဲ့တယ်လို့ပြောရမှာဖြစ်ပြီး အိုဒီဂတ်ရဲ့ ဧရိယာထိပ်က ကန်ချက် လမ်းကြောင်းပြောင်းသွားတာကြောင့် ချေပဂိုးရရှိခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း အာဆင်နယ်တို့ အနိုင်ဂိုးရရှိဖို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပြီး ပွဲကစားချိန် (၈၅) မိနစ်မှာတော့ ဂါဘရီရယ်က အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့်ပဲ ဂါဘရီရယ်တယောက် သူ့အမှားကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး အာဆင်နယ်တို့လည်း ပွဲအပြီးမှာ ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီနိုင်ပွဲကြောင့် ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားဆဲဖြစ်ပါတယ်။