မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရေကျောက်ရောဂါ၊ ဝက်သတ်ရောဂါတို့အပြင် သွေးလွန်တုပ်ကွေးရောဂါမှာလည်း ဒီလိုမျိုး အဖုအပိန့်ထွက်တဲ့ လက္ခဏာမျိုးတွေ တွေ့ရတတ်ပါတယ်။

ဒီရက်ပိုင်းတွေမှာတော့ သင့်ခန္ဓာကိုယ်မှာ အနီကွက်တွေ၊ အဖုအပိန့်တွေ ဖြစ်လာခဲ့ရင် မျောက်ကျောက်ရောဂါများ ဖြစ်နေပြီလားလို့ စိုးရိမ်မိကြမှာပါ။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အခြားသောရောဂါတွေမှာလည်း အနီစက်၊ အဖုအပိန့်ဖြစ်တတ်တဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဘယ်လိုရောဂါမျိုးတွေက မျောက်ကျောက်ရောဂါနဲ့ ဆင်တူနိုင်ပါသလဲ။ 



မျောက်ကျောက်နဲ့ ပတ်သက်ပြီး မှားတတ်တဲ့ ရောဂါတွေ

မျောက်ကျောက်နဲ့ ပတ်သက်ပြီး မှားတတ်တာကတော့ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ (chickenpox) လို့ခေါ်တဲ့ ရေကျောက်ရောဂါ၊ ဝက်သတ်ရောဂါတို့အပြင် သွေးလွန်တုပ်ကွေးရောဂါမှာလည်း ဒီလိုမျိုး အဖုအပိန့်ထွက်တဲ့ လက္ခဏာမျိုးတွေ တွေ့ရတတ်ပါတယ်။

မျောက်ကျောက် (Monkeypox) နဲ့ ရေကျောက်ရောဂါ (Chickenpox)နဲ့ကတော့ ကျောက် (Pox) ဖြစ်တာချင်းတူကြပေမယ့် သဘောသဘာဝချင်းတော့ မတူနိုင်ပါဘူး။

Photo : CDC/CynthiaS. Goldsmith

ရေကျောက်နဲ့ မျောက်ကျောက် ဘယ်လိုခွဲမလဲ။

ရေကျောက်ရောဂါရဲ့ လက္ခဏာတွေကတော့ ဖျားနာမယ်၊ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာမယ်။  ပေါ်တဲ့အခါမှာ ခန္ဓာကိုယ်ပိုင်းမှာသာ ပိုပြီးများနေတာတွေ့ရပါတယ်။ ရေကျောက်ရောဂါမှာဖြစ်တဲ့ အဖုအပိန့်တွေက သေးနေပါတယ်။

မျောက်ကျောက်ရောဂါမှာဖြစ်တဲ့ အဖုအပိန့်တွေ အနီစက်တွေကတော့ ခန္ဓာကိုယ်မှာ ဖြစ်တာထက်စာရင်  မျက်နှာနဲ့ ခြေလက်တွေ မှာ ပေါက်တာပိုများပါတယ်။  ဒါ့အပြင် မျောက်ကျော ရောဂါရဲ့ ထူးခြားတဲ့ လက္ခဏာတွေက ပြန်ရေကြော ကြိတ်တွေ ချက်ချင်းကြီးလာတာမျိုးပါ။  လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတွေမှာရှိတဲ့ ပြန်ရေကြော ကြိတ်တွေ ချက်ချင်းကြီးထွားလာတာဖြစ်ပါတယ်။  ရေကျောက်ရောဂါမှာ ဒါမျိုးလက္ခဏာတွေ မရှိပါဘူး။

အဖုအပိန့်ပေါက်တိုင်း မျောက်ကျောက်မဟုတ်တာ လွယ်လွယ်ကူကူဘယ်လိုသိနိုင်မလဲ။

သံသယရှိတဲ့ မျောက်ကျောက်ရောဂါဖြစ်နေတဲ့လူဆီက ကူးစက်လာရင်တော့ ဒါက မျောက်ကျောက်ရောဂါဖြစ်နေတယ်လို့ ယူဆလို့ရနိုင်ပါတယ်။ ခုနက ဖော်ပြခဲ့သလို အဖုအပိန့်တွေက ပိုကြီးတယ်။ ပြန်ရေကြော အကြိတ်တွေပိုကြီးလာမယ်။ အဖျားကြီးမယ်။ ဒါမျိုးတွေဖြစ်လာပြီဆိုရင်တော့ မျောက်ကျောက် ရောဂါကိုယ့်မှာဝင်လာပြီလားဆိုတာ သံသယဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် ကိုယ်က မျောက်ကျောက်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လူတွေနဲ့ တွေ့လာလား။ မျောက်ကျောက်ရောဂါ အဖြစ်များတဲ့ နိုင်ငံတွေကို သွားထားဖူးလား။ မျောက်ကျောရောဂါမျိုး ရှိနိုင်တဲ့ တောရိုင်းတိရိစ္ဆာန် တွေနဲ့ ထိတွေ့ထားတယ်ဆိုရင်တော့  မျောက်ကျောက်ရောဂါ ကိုယ့်မှာရှိနိုင်သလားဆိုတာကို စိုးရိမ်သင့်ပါတယ်။

ဒါမျိုးအခြေအနေတွေ မဖြစ်ခဲ့ဘူးဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်မှာ အဖုအပိန့်၊ အနီစက်တွေ ဖြစ်တိုင်း မျောက်ကျောက်ရောဂါမဟုတ်တဲ့အတွက် စိုးရိမ်စိတ် တအားကြီးဖို့ မလိုပါဘူး။

Photo : WHO Twitter

မျောက်ကျောက်ရောဂါက ကြောက်စရာကောင်းလား။

အကြံပြုချင်တာကတော့ အခုလတ်တလော မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုမရှိသေးပါဘူး။ ဒါကြောင့်မို့ အနီစက်တွေ ပေါ်လာတိုင်း၊ ဖျားလာတယ်ဆိုတိုင်းလည်း မျောက်ကျောက် ရောဂါများဖြစ်နေပြီလား ဆိုပြီး စိုးရိမ်သံသယမဖြစ်ပါနဲ့။  မျောက်ကျောက်ရောဂါရဲ့  သေပျောက်နှုန်းက  (၃) ရာခိုင်နှုန်းသာရှိပြီး  ကိုယ်ခံအားနည်းတဲ့သူတွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေမှာ ဖြစ်ပွားခဲ့ရင်တော့ စိုးရိမ်သင့်တဲ့အခြေအနေဖြစ်ပါတယ်။ တကယ်လို့  သာမန်လူပဲ ဆိုရင်တော့ မျောက်ကျောက်ရောဂါ ဖြစ်ခဲ့သည့်တိုင်အောင်  ဆိုးဆိုးဝါးဝါး ခံစားရမှာမဟုတ်တဲ့ စိုးရိမ်စိတ် မလွန်ကဲကြဖို့ မှာကြားလိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ထိုးလေ့ရှိတဲ့ ကျောက်ရောဂါကာကွယ်ဆေးသည် ကျောက်အနွယ်ဝင်ရောဂါဖြစ်တဲ့ မျောက်ကျောက်ရောဂါကိုလည်း (၈၅) ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထားပါတယ်။


အထက်ဖော်ပြပါ သတင်းဆောင်းပါးပါ အချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ အထွေထွေအထူးကုသမားတော်  ဒေါက်တာအောင်ဇော်မြင့်က ဝေမျှ အကြံပြုဆွေးနွေးထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က