ချဲလ်ဆီးတာဝန်ရှိသူတွေဟာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို အရခေါ်ယူပြီး လီဗာပူးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် မိတ်ဆက်ပေးသွားဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ ကိုင်စီဒိုကို ခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကိုင်စီဒိုကို ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်ခဲ့ကြပြီး လီဗာပူးနဲ့ ချဲလ်ဆီးတို့က အမှန်တကယ် ကမ်းလှမ်းခဲ့တာပါ။ လီဗာပူးက ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ကျော်အထိ ပေးဖို့ ပြင်ဆင်ခဲ့ပြီး ဘရိုက်တန်နဲ့လည်း သဘောတူညီမှုရရှိခဲ့ပါတယ်။
ဒါပေမယ့် ကစားသမားကိုယ်တိုင်က ချဲလ်ဆီးနဲ့ အရင်ဆုံးပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားတာကြောင့် အဆိုပါ သဘောတူညီမှုကို ဖျက်လိုခြင်းမရှိပါဘူး။ အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးကလည်း အပြောင်းအရွှေ့မှာ ပြန်ဝင်လာခဲ့ပြီး ကိုင်စီဒိုအတွက် ပေါင် (၁၁၅) သန်းအထိ ပေးဖို့ စီစဉ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ချဲလ်ဆီးက ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိသွားခဲ့ပါပြီ။ ချဲလ်ဆီးအနေနဲ့ ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်မှာဖြစ်ပြီး လီဗာပူးနဲ့ ဒီနေ့ည ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမတိုင်ခင် အသင်းရဲ့ ကစားသမားအဖြစ် တရားဝင် မိတ်ဆက်ပေးသွားဖို့ ပြင်ဆင်နေပါတယ်။
ဒါဟာ ချဲလ်ဆီးတို့ ပြိုင်ဘက်ကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ ယှဉ်လုခဲ့ရတဲ့ ကိုင်စီဒိုကို လီဗာပူးပရိသတ်တွေရှေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ မိတ်ဆက်ပေးဖို့ ပြင်ဆင်နေတာပါ။ ချဲလ်ဆီးနဲ့ လီဗာပူးတို့ကတော့ ဒီနေ့ည မြန်မာစံတော်ချိန် ည (၁၀) နာရီမှာ ကစားကြမှာဖြစ်ပြီး နှစ်သင်းကြား အားပြိုင်မှုက ကိုင်စီဒိုရဲ့ကိစ္စကြောင့် ပိုမိုပြင်းထန်ဖွယ်ရှိပါတယ်။