လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ ကာယလေ့ကျင့်ခန်းလုပ်ပေးခြင်းတွေက ကျီးပေါင်းရောဂါကုသရာမှာ အထောက်အကူဖြစ်စေပါတယ်။

လည်ပင်းနာ၊ ခါးနာ၊ ဒူးနာခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုက ကျီးပေါင်းရောဂါပဲဖြစ်ပါတယ်။

Photo: Medical News Today

လူကြီးတွေမှာ အဖြစ်များပေမယ့် နေထိုင်မှုပုံစံအလိုက် လူငယ်တွေမှာလည်း ဖြစ်ပွါးတတ်ပါတယ်။ ကျီးပေါင်းရောဂါဟာ လည်ပင်း၊ ခါး နဲ့ ဒူးခေါင်းမှာ အဖြစ်များလေ့ရှိပြီး ပျောက်ကင်းအောင်ကုသရခက်ပေမယ့် လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ ကာယလေ့ကျင့်ခန်းလုပ်ပေးခြင်းတွေက ကျီးပေါင်းရောဂါကုသရာမှာ အထောက်အကူဖြစ်စေပါတယ်။

Photo: Healthline

ဘယ်လိုလေ့ကျင့်ခန်းတွေပြုလုပ်ပေးသင့်လဲ

ကျီးပေါင်းသမားတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့အထူးလိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့အခါ ကျီးပေါင်းကြောင့်ဖြစ်တဲ့ ခါးနာ ၊ဒူးနာတဲ့ ဝေဒနာကို ပိုခံစားရနိုင်ပါတယ်။ ကျီးပေါင်းသမားတွေအတွက် ရေကူးတာက အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပြီး အသက်ရွယ်ကြီးတဲ့သူတွေအနေနဲ့ကတော့ လမ်းလျှောက်ပေးခြင်း၊ ယောဂကျင့်ခြင်းနဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုခုကို လုပ်ဆောင်ပေးသင့်ပါတယ်။

Photo: RBH Jaipur

အရိုးကျီးပေါင်းရောဂါ လက္ခဏာများ

အရိုးကျီးပေါင်းရောဂါက အရိုးအဆစ်နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ လည်ပင်း၊ တင်ပဆုံ၊ ခါး၊ ဒူးအစရှိတဲ့ အရိုးအဆစ်နေရာတွေမှာ ဖြစ်ပွါးကာ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး အရိုးအဆစ်နေရာတွေမှာ နာကျင်တာ၊ ခေါင်းလှည့်မရဘဲ လက်ပြင်ကြောနဲ့ နောက်ကြောတက်တာ၊ကိုယ်လက်လှုပ်ရှားတဲ့အခါ အရိုးအဆစ်များမှ အသံထွက်တာ၊ ခြေလက်တွေနာကျဉ်ကိုက်ခဲတာ၊ အရိုးအဆစ်နေရာတွေမှာအဖုအဖောင်းတွေဖြစ်လာတတ်တာစတဲ့ လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

Photo: Healthline

ဘယ်လိုလူတွေမှာအဖြစ်များလဲ

အသက်ကြီးပိုင်း အသက် (၅၀)ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်မကြီးပေမယ့်လည်း ကိုယ်နေဟန်ထား မှန်ကန်အောင်မနေတတ်တဲ့သူ၊ နေ့စဉ် ကွန်ပျူတာသုံးစွဲနေရတဲ့သူတွေ၊ စာရေးသူ၊ အထိုင်များတဲ့သူစတဲ့သူတွေမှာလည်း ဖြစ်ပွါးတတ်ပြီး အရိုးထိခိုက်ဖူးတဲ့သူတွေအနေနဲ့လည်း အသက်ငယ်ပေမယ့် ကျီးပေါင်းရောဂါကို ခံစားရနိုင်ပါတယ်။

Photo: Healthline

ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း

အရိုးကျီးပေါင်းရောဂါဟာ ထွေထွေထူးထူးရောဂါရှာဖွေစရာမလိုဘဲ ဓာတ်မှန်ရိုက်ကြည့်ရုံနဲ့ အရိုးအဆစ်တွေဘေးမှာ အတက်လေးတွေထွက်ရှိနေပြီဆိုရင် ကျီးပေါင်းရောဂါဖြစ်ပွါးနေပါပြီ။ ကျီးပေါင်းရောဂါဟာ ကိုယ်လက်အဆစ်အမြစ်တွေညောင်းညာကိုက်ခဲတဲ့အတွက် ရောဂါဝေဒနာပြင်းထန်တဲ့အချိန်မျိုးမှာ နားနားနေနေအနားယူပေးခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်သုံခြင်း၊ လိမ်းဆေး လိမ်းပေးရုံနဲ့ ဝေဒနာကို သက်သာစေပါတယ်။ နာတာရှည်ရောဂါဖြစ်တဲ့အတွက် အလျင်စလိုကုသရလို့မရတဲ့အတွက် ရောဂါပြင်းထန်တဲ့အချိန်မျိုးတွေမှာသာ လိုအပ်တဲ့ဆေးဝါးတွေကို သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

အရိုးကျီးပေါင်းရောဂါကာကွယ်ဖို့အတွက် အရိုးနဲ့အရိုးနုတွေကို သန်မာစေမယ့် ပဲသီးနှံအမျိုုးမျိုး၊ ငါး ၊ သံလွင်ဆီနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းစတဲ့ အစားအစာများကို များများစားသုံးပေးပါ။ နေ့စဉ်စားသောက်မှုပုံသံအပြင် ကိုယ်နေဟန်ထားအနေနဲ့ကလည်း အထူးဂရုပြုနေထိုင်ပေးသင့်ပါတယ်။ ကွန်ပျူတာအသုံးများတဲ့ သူတွေ၊ စာဖတ်ဝါသနာပါတဲ့သူတွေအနေနဲ့က မျက်နှာကို စာအုပ်တို့ ကွန်ပျူတာတို့နဲ့ တပြေးညီထားပြီးကြည့်သင့်ပါတယ်။ ခေါင်းငိုက်စိုက်ကြည့်တာမျိုးမလုပ်သင့်ပါဘူး။ ဝတဲ့သူအများစုမှာလည်း ကျီးပေါင်းရောဂါဖြစ်လေ့ရှိတဲ့အတွက် ခန္ဓာကိုယ်အဝမလွန်အောင်လည်း ဂရုစိုက်ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို မိနစ် (၃၀)ခန့် ပြုလုပ်ပေးနိုင်ရင်တော့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပါလို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က