ချယ်လ်ဆီးနည်းပြ ဆာရီဟာ အသင်းရလဒ်ဆိုးတွေကြောင့် အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ဆီက သတိပေးစာ Text Message ရရှိထားတယ်လို့ Sunday Express သတင်းဌာနက အခိုင်အမာဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးနည်းပြ ဆာရီဟာ အသင်းကိုစတင်တာဝန်ယူကိုင်တွယ်နေတဲ့ ပထမဆုံးရာသီမှာတင် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ နည်းပြတွေအမြဲတမ်းသက်ဆိုးမရှည်တဲ့ ချယ်လ်ဆီးလိုအသင်းမှာ ဆာရီဟာ ကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိတာကြောင့် ကစားသမားတွေနဲ့အဆင်မပြေဖြစ်နေသလို ချန်ပီယံလိဂ်ဝင်ခွင့်အဆင့် ၄ နေရာအတွက်လည်း အာဆင်နယ်နဲ့ မန်ယူရဲ့ဖိအားပေးမှုကိုခံနေရပါတယ်။
အင်္ဂလန်အခြေစိုက်မီဒီယာ Sunday Express ကတော့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ဆီကနေ ဒီရာသီချန်ပီယံလိဂ်ဝင်ခွင့်မရရင် အသင်းကို ဆက်ပြီးကိုင်တွယ်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ သတိပေးစာရထားတယ်လို့လည်း အခိုင်အမာဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)မှာ ဟတ်ဒါဖီးလ်အသင်းကို ၅-ဝဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အရှေ့နှစ်ပွဲမှာ အာဆင်နယ်နဲ့ဘုန်းမောက်အသင်းတွေကို ဆက်တိုက်ရှုံးခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားပေးခံနေရတာပါ။ အင်္ဂလန်မီဒီယာတွေရဲ့ခန့်မှန်းဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ဟာ ဆာရီနေရာအစားထိုးဖို့အတွက် စပါးနည်းပြ ပိုချက်တီနိုကို ချိတ်ဆက်နေတယ်လို့လည်း သိရပါတယ်။ ပိုချက်တီနိုကို မန်ယူကလည်း ချိတ်ဆက်နေတာကြောင့် အာဂျင်တီးနားနည်းပြအတွက် ချယ်လ်ဆီးနဲ့မန်ယူတို့အပြိုင်အဆိုင်ဖြစ်နေပါတယ်။
ချယ်လ်ဆီးအနေနဲ့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် အသင်းရဲ့ကြယ်ပွင့်ကစားသမား ဟာဇက်အပါအဝင် အဓိက ကစားသမားအများစု အသင်းကထွက်ခွာဖွယ်ရှိနေလို့ ဒီအခြေအနေကို ထိန်းနိုင်ဖို့အတွက် ပိုချက်တီနိုကို နည်းပြသစ်ခန့်နိုင်ဖို့ကြိုတင်ပြင်ဆင်နေတာပါ။
ပိုချက်တီနိုဟာ မူလက အိုးထရက်ဖို့ဒ်ကိုပြောင်းဖို့ငြင်းဆန်ထားပေမယ့် လက်ရှိစပါးအသင်းအနေအထားအရ ကစားသမားသစ် အားဖြည့်ခွင့်မရတဲ့အနေအထားကို စိတ်ပျက်နေပြီး ဆုဖလားတွေရယူနိုင်ဖို့အတွက် ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့နိုင်ဖွယ်ရှိနေပါတယ်။
ပိုချက်တီနိုကို ချိတ်ဆက်နေတဲ့ မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ ပရိသတ်နဲ့ကစားသမားတွေရဲ့တောင်းဆိုမှုအရ ဆိုးလ်ရှားကိုသာ အမြဲတမ်းနည်းပြသစ်ခန့်ဖို့ရှိနေတာကြောင့် ချယ်လ်ဆီးအတွက် အလားအလာကောင်းနေပါတယ်။