သက်မွန်မြင့်က သူမရဲ့ အရပ်ကြောင့် ကျောင်းသားဘဝမှာ အရှက်ရခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။ ဒီအရပ်ကြောင့်ပဲ အနုပညာအလုပ်တွေ လုပ်ရတဲ့အခါမှာ အခက်အခဲတချို့ရှိခဲ့တယ်လို့ ပြောပါတယ်။
သရုပ်ဆောင် သက်မွန်မြင့်ဟာ မြန်မာနိုင်ငံမှ အနုပညာရှင် မင်းသမီးတွေထဲမှာ သာမန်ထက် အရပ်ပိုရှည်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအရပ်ကြောင့်လည်း ကျောင်းတက်တုန်းက သူငယ်ချင်းတွေရဲ့ စနောက်တာကို ခံရတယ်လို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’ ကျောင်းသားဘဝတုန်းကတော့ စိတ်ညစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က သူများထက် ခေါင်းတစ်လုံးပိုထွက်နေတယ်။ သူတို့က တအားစတယ်၊ ငယ်တုန်းကတော့ စိတ်မထားတတ်ဘူးလေနော်။ တစ်ကျောင်းလုံးက ကိုယ့်ကိုစတာ၊ သူတို့ နာမည်ပြောင်ပေးထားတာ ချင်းလိုခေါ်ကြတာပေါ့နော်။ မြန်မာလိုကျတော့ ဘယ်လိုပြန်ပြောရမှန်းမသိဘူး။ အဲဒီတော့ ခါးကို ကိုင်းပြီးသွားဖြစ်တယ်၊ ရှက်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: Amazing Grace
အခုချိန်မှာတော့ သူမရဲ့ အရပ်က အမြဲတမ်း ထင်ပေါ်နေတယ်ဆိုတာကို သတိထားမိလိုက်ပါပြီတဲ့။ ဒါကြောင့် အရပ်ရှည်တာကို အားမငယ်ဘူး၊ မရှက်တော့ဘူးဆိုတာကို မေလ ၁၆ ရက်နေ့က Star Finess Gym ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။
‘’ ဒါပေမယ့် ဒီလို အရပ်ဆိုတာ လိုချင်တိုင်းရတာမှ မဟုတ်တာ။ တချို့ဆို ကိုယ့်အနားတောင် မလာချင်ဘူး။ ပြီးရင် ကိုယ်က သူများကြားသွားရင် ထင်းနေတာ။ ထင်းဖို့အတွက် သိပ်ပြီးတော့ အားစိုက်စရာမလိုဘူး။ ကိုယ်သွားလိုက်တာနဲ့ ထင်းခနဲဖြစ်တယ်ဆိုတော့ ဒါကို ကိုယ့်ကိုယ်ကိုယ် အကောင်းဘက်ကနေ လက်ခံလိုက်တယ်ပေါ့။ အခုတော့ အဆင်ပြေသွားပြီ’’ လို့ ဆိုပါတယ်။
Photo: Thet Mon Myint
အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာလည်း ဒီအရပ်ကြောင့် မင်းသားတချို့နဲ့ တွဲရိုက်ရတာ အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇာတ်ကားရိုက်မယ်ဆို တွဲဖက်သရုပ်ဆောင်ရမယ့် မင်းသားကိုပါ စဉ်းစားရတယ်လို့ သက်မွန်မြင့်က ပြောပါတယ်။
‘’ နည်းနည်းတော့ခက်တာပေါ့နော်။ သူတို့ကလည်းပြောပါတယ် နင့်ဖက်ရတာ ယောကျ်ားကြီး ဖက်နေရသလိုပဲတဲ့။ လူကောင်သေးတဲ့သူများတာပေါ့နော်။ အရပ်ရှည်တဲ့မင်းသားနဲ့ဆိုရင် ဒေါက်ဖိနပ်နဲ့ စမတ်ကျကျ ကိုယ်လည်းဝတ်ရတာပေါ့။ တချို့ဆို ကိုယ်ရှုတင်သွားတာနဲ့ ကိုယ့်ဖိနပ်ကို အရင်ကြည့်ကြတာ။ ဇာတ်ကားရိုက်မယ်ဆိုရင် ဖက်ရှင်တစ်ခုတည်းချိန်ရတာမဟုတ်ဘူး၊ ဘယ်သူနဲ့ရိုက်မှာလဲ၊ ဖိနပ်အပါးစီးရမယ်ဆိုရင် အပါးနဲ့လိုက်တဲ့ဖက်ရှင်စဉ်းစားရတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: RVB
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမ ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံုး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။
Share