လပေါ် လူတွေ ခြေချနိုင်ခဲ့တာ နှစ် ၅၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ မူရင်း ဗွီဒီယိုတိတ်ခွေ ၃ ခုကို လေလံတင် ရောင်းချခဲ့ပါတယ်။
NASA အာကာသအဖွဲ့အစည်းဟာ ၁၉၇၆ ခုနှစ်မှာ Apollo 11 အာကာသယာဉ် လပေါ် ပထမဆုံးလူသားတွေ ဆင်းသက်တဲ့ မူလရုပ်သံတိပ်တွေကို ဂယ်ရီဂျော့ချ်ဆိုသူကို ၂၁၇.၇၇ ဒေါ်လာနဲ့ရောင်းချခဲ့တာပါ။ ထိုစဉ်က ဂျော့ချ်ဟာ လားမားတက္ကသိုလ် အင်ဂျင်နီယာတန်း တက်နေရင်း NASA မှာ အလုပ်သင်ဝင်ခဲ့တယ်လို့PetaPixel သတင်းက ဆိုပါတယ်။
Photo: Fox News
ဂျော့ချ်ဟာ NASA Johnson Space Center မှာ အလုပ်သင်ဆင်းနေချိန် ကုမ္ပဏီတွင်း လေလံပွဲတစ်ခုကနေ တိတ်ခွေတွေထည့်ထားတဲ့ ပုံးတစ်ခုကို ဝယ်ခဲ့ပြီး ဒီတိတ်တွေအများစုကို TV stations တွေဆီ ပြန်ရောင်းခဲ့ပါတယ်။ သူဝယ်ခဲ့တဲ့ တိတ်ခွေထဲက သုံးခုဟာ APOLLO 11 EVA | July 20, 1969 REEL 1 [-3] လို့စာတန်းထိုးထားတာ တွေ့လို့သူ့အဖေရဲ့ အကြံပေးချက်အတိုင်း သိမ်းဆည်းထားခဲ့တယ်လို့ဆိုပါတယ်။
သူသိမ်းထားတဲ့ တိတ်ခွေသုံးခုကို ဝယ်ပြီး ၁၁ နှစ်အကြာမှာ DC Video Studio ကို သွားပြီး ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။ ဒီလို ကြည့်ပြီးတဲ့နောက် သူဟာ လပေါ် ပထမဆုံးအကြိမ် လူဆင်းသက်တဲ့ ဖြစ်စဉ်အစအဆုံးကို ဖမ်းယူထားတဲ့ မူရင်းရုပ်သံခွေကို ပိုင်ဆိုင်ထားမှန်းသိခဲ့တာ ဖြစ်ပါတယ်။ အခုချိန်အထိ ဒီတိပ်တွေကို ကြည့်တာ ၃ ကြိမ်ပဲ ရှိသေးတယ်လို့ဆိုပါတယ်။
၂၀၀၈ ခုနှစ်မှာ ၂ နာရီ ၂၄ မိနစ်ကြာမြင့်တဲ့ ဒီရုပ်သံတွေကို Harddrive တစ်ခုပေါ် ဒစ်ဂျစ်တယ်စနစ်နဲ့ဖတ်ရှုပြောင်းလဲ သိမ်းဆည်းခဲ့ပါတယ်။ ၁၉၆၉ ဇူလိုင် ၂၁ ရက်နေ့က Apollo 11 နဲ့လိုက်ပါလာတဲ့ နီးလ်အမ်းစထရောင်းဟာ လပေါ် ပထမဆုံးအကြိမ် ခြေချခဲ့ပါတယ်။ လပေါ် လူခြေချပြီး နှစ် ၅၀ ပြည့်ချိန်မှာ Sotheby လေလံရုံးဟာ လပေါ်လူဆင်းသက်မှုအကြောင်း ရိုက်ကူးထားတဲ့ မူရင်းဗွီဒီယိုဖိုင်ကို လေလံတင်ခဲ့ပါတယ်။
ဂျော့ချ်ဝယ်ထားတဲ့ ၂၁၇.၇၇ဒေါ်လာတန် ဗွီဒီယိုတိတ်တွေဟာ ကြမ်းခင်းဈေး ဒေါ်လာ ၇ သိန်းနဲ့စဖွင့်ခဲ့ပြီး နောက်ဆုံးမှာ ကန်ဒေါ်လာ ၁.၈၂ သန်းနဲ့ ရောင်းထွက်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် NASA ကနေ ဂယ်ရီဂျော့ချ်ဝယ်ရင်းဈေး ထက် အဆပေါင်း ၈၀၀၀ ကျော်နဲ့ရောင်းထွက်ခဲ့တာလည်း ဖြစ်ပါတယ်။