တရုတ်နိုင်ငံက ဂိမ်းရေးဆွဲသူတွေအတွက် ချမှတ်လိုက်တဲ့ Apple ရဲ့ စည်းမျဉ်းသစ်ကြောင့် App Store ပေါ်က သောင်းနဲ့ချီတဲ့ ဂိမ်း app တွေ ဖယ်ရှားခံရဖို့ ရှိနေပါတယ်။
Apple ဟာ တရုတ်နိုင်ငံက iOS App Store ပေါ် app တင်မယ့် ဂိမ်း developers တွေမှာ အစိုးရက ထုတ်ပေးထားတဲ့ ဂိမ်းလိုင်စင်ရှိရမယ်လို့ စည်းကမ်းထုတ်ပြန်ထားပါတယ်။ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဂိမ်းလိုင်စင်ရှိကြောင်း တင်ပြရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
Photo: Flipboard
အစိုးရရဲ့ တရားဝင် အချက်အလက်များအရ တရုတ်အစိုးရဟာ ဂိမ်းလိုင်စင်စုစုပေါင်း ၄၃၁၀၄ ခု ထုတ်ပေးထားတယ်လို့ ပါရှိပါတယ်။ ဒီလိုင်စင်အားလုံးဟာ မိုဘိုင်းဂိမ်းအတွက်ပဲ ထုတ်လုပ်ထားတဲ့ ဂိမ်းလိုင်စင်ဖြစ်တယ်ဆိုရင်တောင် လိုင်စင်မရှိတဲ့ မိုဘိုင်းဂိမ်းပေါင်း ၂၁၅၀၀ ကျော် ရှိမယ်လို့ဆိုပါတယ်။
မတ်လ ၆ ရက်နေ့အထိ တရုတ်နိုင်ငံ App Store မှာ Paid Games ပေါင်း ၆၄၆၆၇ ခု ရှိတယ်လို့ ဆိုပါတယ်။ app တွေကို လေ့လာစုံစမ်းနေတဲ့ AppInChina အဖွဲ့ရဲ့ ခန့်မှန်းမှုအရ paid games အက်ပလီကေးရှင်းရဲ့ သုံးပုံတစ်ပုံကျော်ဟာ ဖြုတ်ချခံရဖို့ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ Apple ဟာ တရုတ်နိုင်ငံ App Store ပေါ်က Pain နဲ့ in-items ရောင်းတဲ့ ဂိမ်းတွေဟာ ဇွန်လကုန်ပိုင်းက စပြီး လိုင်စင်တင်ရမယ်လို့ ထုတ်ပြန်ပါတယ်။ App Store ရဲ့ စည်းမျဉ်းသစ်ကြောင့် သောင်းနဲ့ချီတဲ့ ဂိမ်းတွေ ဖယ်ရှားခံရမယ့်အထဲမှာ Arena of Valor ၊ PUBG Mobile စတဲ့ နာမည်ကြီးဂိမ်းတွေတော့ မပါပါဘူး။
Photo: OptoCrypto
" ဝင်ငွေမြင့်တဲ့ ဂိမ်းအများစုက ဂိမ်းလိုင်စင်ဆောင်ထားပြီးသားပါ။ ဒီအပြောင်းအလဲက အဲဒီလို ဂိမ်းရေးဆွဲသူတွေအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး" လို့ AppinChina ရဲ့ အမှုဆောင်အရာရှိချုပ် ရစ်ချ်ဘစ်ရှော့က ပြောပါတယ်။
Apple ဟာ iOS app ပေါ်က အရောင်းအဝယ်တိုင်းရဲ့ ၃၀% ကို ကော်မရှင်ယူပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံ iOS App Store ဟာ ဝင်ငွေ ဒေါ်လာ ၈.၈ ဘီလျံ ရခဲ့တယ်လို့ ဆိုပါတယ်။