Huawei ရဲ့ ကိုယ်ပိုင် App Store ဖြစ်တဲ့ AppGallery ဟာ Google Play Store နဲ့ Apple App Store တို့ ပြီးရင် တတိယအကြီးဆုံး App Store ဖြစ်တယ်လို့ Huawei ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ပင်မှုများကြောင့် Huawei ဟာ Google ရဲ့ apps နဲ့ services တွေ သုံးခွင့် ကန့်သတ်ခံထားရပါတယ်။ ဒါကြောင့်ပဲ Huawei ဟာ ကုမ္ပဏီရဲ့ flagship ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate 30 Series မှာ Google support မပါတဲ့ ရိုးရိုး Android နဲ့ ကိုယ်ပိုင် Huawei Mobile Services (HMS) သုံးပြီး မိတ်ဆက်ခဲ့ရပါတယ်။
Photo: Huawei Central
Huawei ဟာ HMS ပလက်ဖောင်းသစ်အတွက် app သစ်တွေ တည်ဆောက်ဖို့ developers တွေကို ဒေါ်လာ ၁ ဘီလျံ အထိသုံးပြီး မက်လုံးပေး ဆွဲဆောင်နေပါတယ်။ HMS ပလက်ဖောင်းကို နိုင်ငံပေါင်း ၁၇၀ မှာ အသုံးပြုနိုင်ပြီး အာရှပစိဖိတ် ၊ အရှေ့အလယ်ပိုင်း ၊ အာဖရိက ၊ ဥရောပနဲ့ လက်တင်အမေရိက တို့မှ ဒေသတွင်း developers တွေနဲ့ ပူးပေါင်းထားတယ်လို့ ဆိုပါတယ်။လက်ရှိမှာ HMS နဲ့ မှတ်ပုံတင်ထားတဲ့ developers ပေါင်း ၁.၃ သန်းကျော် ရှိပါတယ်။
Huawei AppGallery ကို ၂၀၁၈ ဧပြီလထဲမှာ Global Launch မိတ်ဆက်ခဲ့ပါတယ်။ Huawei Mate 30 စီးရီးဟာ AppGallery Official app preinstall နဲ့ ပထမဆုံး ထွက်လာတဲ့ စမတ်ဖုန်းမော်ဒယ်တွေ ဖြစ်ပါတယ်။ HMS ထဲမှာ ပါတဲ့ AppGallery App Store ဟာ app အမျိုးအစားပေါင်း ၅၅၀၀၀ ကျော် ရှိပြီး လစဉ် သုံးစွဲသူ သန်း ၄၀၀ ကျော် ရှိနေပြီလို့ Huawei ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Huawei ဟာ Xiaomi ၊ OPPO ၊ Vivo တို့နဲ့ ပူးပေါင်းပြီး Google Play Store ကို ယှဉ်နိုင်မယ့် Global Developer Service Alliance (GDSA) နာမည်နဲ့ ပလက်ဖောင်းသစ်တစ်ခု တည်ဆောက်နေတယ်လို့ ဆိုပါတယ်။ GDSA အကြောင်း အသေးစိတ်ကို လာမယ့် မတ်လထဲမှာ မြင်တွေ့ရဖို့လည်း ရှိပါတယ်။