နာမည်ကြီး Apple သတင်းသုံးသပ်သူ မင်ချိကုအိုကတော့ မိတ်ဆက်ဖွယ်ရှိတဲ့ Apple ထုတ်ကုန်သစ်တွေအကြောင်း သတင်းသစ်ပေးထားပါတယ်။
MacRumors မှာ ဖော်ပြထားတဲ့ မင်ချိကုအိုရဲ့အဆိုအရ Apple ဟာ မျက်နှာပြင် ၁၀.၈ လက်မ iPad နဲ့ မျက်နှာပြင် ၉ လက်မအထိ ရှိနိုင်တဲ့ iPad Mini တို့ကို မိတ်ဆက်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ မျက်နှာပြင် ၁၀.၈ လက်မ iPad ကို ယခုနှစ် နှစ်ဝက်လောက်မှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး ၈.၅ လက်မနဲ့ ၉ လက်မအကြား screen အရွယ်အစား ရှိတဲ့ iPad Mini ကတော့ ၂၀၂၁ ပထမ နှစ်ဝက်မှာ မိတ်ဆက်သွားဖို့ ရှိတယ်လို့ သုံးသပ်ထားတာပါ။
Photo: dailyhunt
မင်ချိကုအိုရဲ့ အဆိုအရ iPad သစ် နှစ်မျိုးစလုံးဟာ တန်ဖိုးသင့်ဈေးနှုန်းတွေနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ မင်ချိကုအို ခန့်မှန်းတဲ့ ၁၀.၈ လက်မ iPad ဟာ လက်ရှိထွက်ထားတဲ့ Apple ရဲ့ ဈေးအချိုဆုံး ၃၂၉ ဒေါ်လာတန် ၁၀.၂ လက်မ iPad နေရာကို အစားထိုးလာမှာပါ။ iPad Mini သစ်ကလည်း ဈေးကွက်ထဲမှာ ရှိတဲ့ ၇.၉ လက်မ iPad Mini နေရာမှာ ရောက်လာတော့မှာ ဖြစ်ပါတယ်။
Apple ထုတ်ကုန်တွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးထုတ်ကုန်တစ်ခုက Apple ရဲ့ AR မျက်မှန်ဖြစ်ပါတယ်။ ကောလာဟလထွက်ထားတာ ကြာပြီ ဖြစ်တဲ့ Apple AR မျက်မှန်ကို အစောဆုံး ၂၀၂၂ ခုနှစ်မှာမှ မိတ်ဆက်ဖို့ ရှိတယ်လို့ မင်ချိကုအိုက ဆိုပါတယ်။ The Information သတင်းကလည်း Apple ဟာ ၂၀၂၂ ခုနှစ်မှာ ဖြန့်ချိမယ့် AR headset တစ်မျိုးနဲ့ ၂၀၂၃ လောက်မှာ ကြေညာသွားဖို့ရှိတဲ့ AR မျက်မှန်တစ်မျိုးကို ထုတ်လုပ်နေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖော်ပြခဲ့ပါတယ်။
Photo; Macrumors
Apple ရဲ့ နည်းပညာမြင့် မျက်မှန်တွေဟာ ရုပ်ထွက်မြင့် display တစ်ခု သုံးထားပြီး OS သစ်တစ်မျိုးနဲ့ ထွက်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ AR မျက်မှန်မှာ သုံးမယ့် OS ဟာ rOS (reality OS) ဖြစ်ပြီး ထိန်းချုပ်တဲ့ စနစ်အနေနဲ့ အထိအတွေ့ နည်းပညာများ ၊ အသံအမိန့်ပေးစနစ်များနဲ့ ခေါင်းလှုပ်ရှားမှုများလည်း သုံးသွားဖို့ ရှိပါတယ်။
Apple ဟာ Virtual Reality ကုမ္ပဏီတစ်ခု ဖြစ်တဲ့ NextVR ကို ဝယ်ယူလိုက်ပြီလို့ အတည်ပြုထားတာကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်း Apple ရဲ့ AR/VR ထုတ်ကုန်သစ်တွေကို မြင်ရဖို့ ရှိပါတယ်။