၂၀၂၄ နောက်ပိုင်းမှ ထွက်လာမယ်လို့ မျှော်လင့်ရတဲ့ ခေါက်သိမ်းနိုင် iPhone ကို တရုတ်အင်ဂျင်နီယာတွေက အခုပဲ တီထွင်လိုက်ပြီ ဖြစ်ပါတယ်။
ရက်ပေါင်း ၂၀၀ ကျော်ကြာ စမ်းသပ်မှုတွေ ၊ တီထွင်ဆန်းစစ်မှုတွေ လုပ်ခဲ့ပြီးနောက်မှာ စိတ်ကြိုက်ဆင်ထားတဲ့ ခေါက်သိမ်းနိုင် iPhone တစ်လုံးအဖြစ် ထွက်ပေါ်လာတာပါ။ Tech Aesthetics လို့ ခေါ်တဲ့ တရုတ် YouTuber တစ်စုဟာ ခေါက်သိမ်းနိုင် Motorola Razr 2019 ကိုယ်ထည် ၊ ပတ္တာ Hinge နဲ့ iPhone X အတွင်းပစ္စည်းတွေ ပေါင်းစပ်ပြီး Screen ခေါက်သိမ်းမှု လုပ်နိုင်မယ့် iPhone တစ်လုံးကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
Galaxy Z Flip စတိုင် ထက်ဝက်ချိုးခေါက်နိုင်တဲ့ ဒီ iPhone ကို iPhone V လို့ နာမည်ပေးထားပြီး တစ်နှစ်လောက် အကြိမ်ကြိမ် စမ်းသပ်တီထွင်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ iPhone V ဟာ အသုံးပြုနိုင်တဲ့ Foldable ဖုန်းဖြစ်ပြီး အတွင်းခန်းနေရာအခက်အခဲကြောင့် ဘက်ထရီပါဝါကို 1000mAh အားပဲ အသုံးပြုထားပါတယ်။ စပီကာတစ်လုံးလည်း ဖယ်ရှားထားပါတယ်။ Wireless Charging နဲ့ MagSafe အစိတ်အပိုင်းတွေ ဖြုတ်ထားလို့ ခေတ်ပေါ် iPhone သစ်တွေလို Wireless Charging လည်း မရသလို MagSafe လည်း အထောက်အပံ့ပေးမထားပါဘူး။
စပီကာလTech Aesthetics အဖွဲ့ဟာ iPhone V အတွက် 3D နဲ့ ပရင့်ထုတ်ထားတဲ့ အစိတ်အပိုင်းတွေ သုံးပြီး custom Motherboard တစ်ခုလည်း တည်ဆောက်ထားပါတယ်။ iPhone X ရဲ့ အတွင်းအစိတ်အပိုင်းတွေကို ဖယ်ရှားပြီး ခေါက်သိမ်းနိုင် Motorola Razr ကိုယ်ထည်နဲ့ ကိုက်အောင် ပြန်ပြီး တီထွင်ကြံဆထားတာပါ။ အသုံးပြုနိုင်တဲ့ iPhone V ရလာဖို့ iPhone X Screen ၃၇ ခုအထိ သုံးခဲ့တာပါ။ iOS စနစ်တင်ထားပြီး Foldable Interface ရအောင် Jaibreak ဖော်ကပြီး Cutsom Software တွေ ထည့်သွင်းခဲ့ပါတယ်။
ရက်ပေါင်း ၂၀၀ ကျော်အတွင်း စမ်းသပ်မှုတွေ ၊ မအောင်မြင်မှုတွေ အပြီးမှာ တရုတ်တီထွင်သူတွေ ဖန်တီးလိုက်တဲ့ iPhone V ဟာ ရှေ့ပြေးပုံစံတစ်ခုအဖြစ် ပုံပေါ်လာခဲ့တာပါ။ Tech Aesthetics အဖွဲ့ဟာ iPhone V ဒီဇိုင်းနဲ့ တီထွင်ရေးဖြစ်စဉ်ကို ပိုကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး အခုဗားရှင်းကို ဗားရှင်း ၀.၁ အဖြစ် သတ်မှတ်ထားပါတယ်။
ကမ္ဘာကျော် iPhone ကုမ္ပဏီ Apple ကတော့ ၂၀၂၄ ခုနှစ် နောက်ပိုင်းရောက်မှ Foldable ထုတ်ကုန်တွေ စပြီး မိတ်ဆက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဈေးကွက်ဆန်းစစ်လေ့လာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ CCS Insight ရဲ့အစီရင်ခံစာမှာ Apple ဟာ ၂၀၂၄ ခုနှစ်မှာ Foldable iPhone ထက်အရင် ခေါက်သိမ်းနိုင် Screen ပါရှိတဲ့ iPad တစ်မျိုးကို မိတ်ဆက်လာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ Foldable iPhone တစ်လုံးဟာ ဒေါ်လာ ၂၅၀၀ (မြန်မာငွေ ၇၅ သိန်းကျော်) နီးပါး ဈေးနဲ့ ရောင်းချလာနိုင်တယ်လို့လည်း သတင်းတွေမှာ မြင်တွေ့နေရပါတယ်။