ပြိုင်ဘက်တွေထက် ၅ နှစ်လောက်တော့ နောက်ကျကျန်ခဲ့နိုင်ပါတယ်။

အခုထိတော့ ခေါက်သိမ်းနိုင်စမတ်ဖုန်းဆိုတာ iPhone ကုမ္ပဏီ မမက်နိုင်သေးတဲ့ အိပ်မက်တစ်ခုပါပဲ။

တောင်ကိုရီးယားကုမ္ပဏီ Samsung က ဦးဆောင်ပြီး ခေါက်သိမ်းနိုင်စမတ်ဖုန်းခေတ်တစ်ခေတ်ကို ချီတက်လာနေပေမယ့် Apple ကတော့ အခုထိ ခုံမလှုပ်သေးပါဘူး။ Display မှန်ကို ခေါက်သိမ်းလို့ရတဲ့ နည်းပညာဆိုတာ ၂၀၁၆ ခုနှစ်ကတည်းက LG က စတင် မိတ်ဆက်ပြသလာခဲ့တာပါ။ Foldable ဖုန်းတွေရဲ့ ပထမဆုံးမျိုးဆက်တွေဟာ ၂၀၁၉ ခုနှစ်မှာ ဈေးကွက်ထဲ စတင် ဝင်ရောက်လာခဲ့ပါတယ်။ 





အခုဆို Samsung ရဲ့ စတုတ္ထမျိုးဆက် ခေါက်သိမ်းနိုင်စမတ်ဖုန်းသစ်တွေ ဖြစ်တဲ့ Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 တွေပါ မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။ Samsung ရဲ့ ပထမ နဲ့ ဒုတိယမျိုးဆက် Galaxy Z Fold တွေဟာ Foldable စံသတ်မှတ်ချက်ကို ကောင်းကောင်းကြီး ကျော်ဖြတ်ခဲ့ပြီးနောက် တတိယမြောက်မျိုးဆက် Galaxy Z Fold 3 မှာ ခေါက်သိမ်းနိုင်မှန်ရဲ့ အကြမ်းခံမှု ၊ Multitasking စွမ်းဆောင်ရည် နဲ့ S Pen ပါဝင်လာမှုတွေကို အဆင့်တက်လာခဲ့ပါတယ်။ Galaxy Z Fold 4 ဟာ ဒီဇိုင်း ၊ Display ၊ ပတ္တာ Hinge ၊ ကင်မရာနဲ့ ဆော့ဖ်ဝဲလ်ပိုင်း ပိုပြီး တိုးတက်မှုတွေ မြင်လာရပါတယ်။ 

Galaxy Z Fold လို ဒေါ်လာ ၁၈၀၀ တန် တန်ဖိုးမြင့် Foldable ဖုန်းအပြင် ယောက်သွားခွံခေါက်သိမ်းမှု ပုံစံနဲ့ ဒေါ်လာ ၁၀၀၀ တန် Galaxy Z Flip ကလည်း Foldable ဖုန်းဈေးကွက်မှာ မျက်နှာပန်းလှတဲ့ ထုတ်ကုန်တစ်ခုအဖြစ် ပွဲဝင်နေပါတယ်။ Galaxy Z Fold နဲ့ Z Flip စီးရီးအပြင် Foldable ဖုန်းဈေးကွက်မှာ ပိုပြီး ဈေးတန်တဲ့ Motorola Razr နဲ့ Xiaomi Mix Fold 2 လို ထုတ်ကုန်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဝင်ရောက်လာနေပါတယ်။ တခြား စမတ်ဖုန်း OEMs တွေလည်း Foldable ဖုန်းတွေ ထုတ်ဖို့ စိုင်းပြင်နေကြပါတယ်။ 

အန်းဒရိုက်ဖုန်းကုမ္ပဏီတွေရဲ့ Foldable ဖုန်းတွေ သူ့ထက်ငါ ထွက်လာနေပေမယ့် Apple ကတော့ iPhone ကိုပဲ အဆင့်မြှင့်တင်ရင်းနဲ့တင် ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ Foldable ထုတ်ကုန်တွေအကြောင်း ပြောတဲ့အခါ Apple မပါတော့ပါဘူး။ နာမည်ကျော် တရုတ်ဖုန်းကုမ္ပဏီကြီးတွေ အကုန်လုံးလိုလို Foldable ဖုန်း Prototype တွေ မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သလို ဈေးကွက်ဝင်ထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီတွေလည်း ရှိနေကြပါတယ်။ 

ကောလာဟလတွေအရ Apple ဟာ Foldable ဖုန်းထုတ်လုပ်ရေးအတွက် ကြိတ်ကြံစည်နေပြီး ခေါက်သိမ်းနိုင် iPhone အတွက် Panels သစ်တွေကို LG နဲ့ Samsung တို့ဆီက မှာယူမယ်လို့တောင် သတင်းထွက်နေပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက Samsung ဟာ Apple ကို ကုမ္ပဏီရဲ့ Foldable အစိတ်အပိုင်းတွေ နမူနာပေးပို့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ‌ဈေးကွက်ဆန်းစစ်လေ့လာသူတွေကလည်း Apple ဟာ Foldable Products ဖွံ့ဖြိုးရေးပိုင်း လုပ်ဆောင်နေပြီလို့ ပြောနေကြတာ ရှိပါတယ်။ 

နာမည်ကြီး Apple Analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုကတော့ Apple Foldable ထုတ်ကုန်ဟာ မျက်နှာပြင်ဆိုဒ် ၉ လက်အထိ ရှိမယ်လို့ ပြောထားပြီး တချို့တွေကတော့ ၇.၅ လက်မ နဲ့ ၈ လက်မဆိုဒ်တွေ ရှိလာမယ်လို့ ထင်မြင်ချက်တွေ ပေးနေကြပါတယ်။ Galaxy Z Fold လိုမျိုး စာအုပ်အဖုံးခေါက်စတိုင်ထက်စာရင် Z Flip ရဲ့ ယောက်သွားခွံ ခေါက်သိမ်းမှုပုံစံမျိုးကို Apple အနေနဲ့ ရွေးချယ်ဖို့ များတယ်လို့လည်း ဆိုပါတယ်။ 

Screen တစ်ခုတည်းကိုပဲ အထက်အောက်ခေါက်တဲ့ Flip စတိုင် ခေါက်သိမ်းမှုကို အထောက်အပံ့ပေးဖို့အတွက် iOS ကို အပြောင်းအလဲ သိပ်အများကြီး လုပ်စရာ လိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ထုတ်ကုန်ဖွံ့ဖြိုးရေးနဲ့ ဈေးကွက်ဝင်ထုတ်ကုန်တစ်ခု ဖြစ်လာဖို့ စိတ်ကြိုက်အချိန်ယူတဲ့ Apple အတွက် Foldable ဖုန်းကို အမြန်ထုတ်လာစရာအကြောင်း မရှိပါဘူး။ Apple ဟာ အရင့်အရင်ကလည်း ပိုကောင်းတဲ့ ထုတ်ကုန်မရမချင်း ဈေးကွက်ထဲ မဖြန့်တဲ့ သက်သေတွေ ရှိပါတယ်။ 



iPod အရင်မှာ ပထမဆုံး သယ်ယူလို့ လွယ်တဲ့ Portable Media Player တွေ ဖန်တီးခဲ့ပေမယ့် ဈေးကွက်ထဲ မတင်ခဲ့ပါဘူး။ Apple Watch ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီမဟုတ်ခဲ့သလို အခုဈေးကွက်ထဲ ဖြန့်ချိထားတဲ့ AirPods လည်း ပထမဆုံး Wireless earbuds မဟုတ်ခဲ့ပါဘူး။ iPhone မှာတောင် Plus-Size ဖုန်းတန်းကို ဖြည်းဖြည်းချင်း ရွှေ့လာခဲ့တာပါ။ ထုတ်ကုန်အတွက် အချိန်ယူပြင်ဆင်မှုတွေ သေချာလုပ်တတ်တဲ့ Apple အတွက် Foldable iPhone ကို တရားဝင်မိတ်ဆက်မယ့်အချိန်ဟာ အစောဆုံး ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေ ဖြစ်မယ်လို့ ယူဆရပါတယ်။ 

၂၀၁၉ ခုနှစ်ကစပြီး Foldable ဖုန်းဈေးကွက် ဖြစ်ထွန်းခဲ့လို့ Apple ရဲ့ ပထမဆုံး Foldable ထုတ်ကုန်ဟာ ပြိုင်ဘက်တွေထက် ၅ နှစ်လောက်တော့ နောက်ကျကျန်ခဲ့နိုင်ပါတယ်။ ဒါပေမယ့်လည်း Apple Products သစ်တွေကို ရင်ခုန်သူတို့အဖို့ Foldable iPhone ဟာ နောက်ထပ်စိတ်လှုပ်ရှားစရာ ရှိုးပွဲတစ်ခု ဖြစ်လာဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က