Apple ဘက်က ပေါင် ၅.၈ ဘီလျံအထိ ပေးမယ်လို့ သတင်းတွေထွက်ခဲ့တာပါ

ယူကေက လာတဲ့သတင်းတစ်ပုဒ်ထဲမှာ Apple CEO တင်မ်ကွတ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်အကျော်ကြားဆုံး ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဗြိတိန် Daily Star သတင်းရဲ့ ကြာသာပတေးနေ့က သတင်းတစ်ပုဒ်ထဲမှာ “Apple သူဌေးတွေဟာ လက်ရှိ ကလပ်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂျိုးနဲ့ အဗ္ဗရန်ဂလေဇာတို့ဆီ နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အရောင်းအဝယ်ကိစ္စတစ်ခု ဆွေးနွေးဖို့ စိတ်ဝင်စားနေကြတယ်” လို့ ဖော်ပြထားတာပါ။ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းဖို့ တင်ထားတဲ့ကြေးက ပေါင် ၈.၂၅ ဘီလျံ (ဒေါ်လာ ၁၀ ဘီလျံ ဝန်းကျင်) ခန့် ဖြစ်ပြီး Apple ဟာ ပေါင် ၅.၈ ဘီလျံအထိ လိုက်ဖို့ စီစဉ်ထားဖွယ်ရှိတယ်လို့ပါ ဖော်ပြထားတာပါ။




Photo: macrumors

တကယ်လို့ ဒီကြေးနဲ့သာ အရောင်းအဝယ်ဖြစ်မယ်ဆိုရင် အားကစားလောကမှာ စံချိန်တင်အမြင့်ဆုံးအရောင်းအဝယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာ ပရီမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းကို ရုရှားသူဌေး ရိုမန် အေဗရာမိုဗစ်ချ်လက်ကနေ Todd Boehly လုပ်ငန်းစုက ပေါင် ၄.၂၅ (ကန်ဒေါ်လာ ၅.၂ ဘီလျံ) ပေးပြီး ဝယ်ယူခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ ဂလေဇာမိသားစုက ၂၀၀၅ ခုနှစ်ထဲမှာ ပေါင် သန်း ၈၀၀ ခန့် ပေးပြီး ဝယ်ယူခဲ့တာပါ။ 

Daily Star ရဲ့ သတင်းထဲမှာတော့ Apple CEO တင်မ်ကွတ်ဟာ အရောင်းအဝယ်ကိစ္စဖြစ်ဖို့ Raine Group အပါအဝင် ဘဏ်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ပြောထားပါတယ်။ ဒီသတင်းကို Apple နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ Macrumors ကို ပြောပါတယ်။ ဒီအခြေအနေနဲ့ တိုက်ရိုက်သိကျွမ်းတဲ့ သတင်းအရင်းအမြစ်အဆိုအရ မန်ချက်စတာယူနိုက်တက်အသင်းကို ကန်ဒေါ်လာ ၇ ဘီလျံဝန်းကျင် ပေးပြီး Apple က ဝယ်မယ်ဆိုတဲ့သတင်းက အမှားကြီးလို့ ဆိုပါတယ်။  

Apple Insider သတင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းကရော တင်မ်ကွတ်ကပါ အခုထွက်ပေါ်နေတဲ့ သတင်းတွေကို မှတ်ချက်ပေးခြင်း မရှိဘူးလို့ ရေးထားပါတယ်။ တင်မ်ကွတ်ဟာ စတိဗ်ဂျော့စ် ကွယ်လွန်တဲ့ ၂၀၁၁ ခုနှစ်ကစပြီး Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့တာပါ။ ၁၉၉၈ ခုနှစ်မှာ Apple ရဲ့ ကမ္ဘာ့ရေးရာ အော်ပရေးရှင်းပိုင်းတွေမှာ အကြီးတန်းဒုဥက္ကဌအဖြစ် အလုပ်စဝင်ခဲ့တဲ့ သူဟာ လက်ရှိမှာ ဒေါ်လာ ၁.၈ ဘီလျံ ဝန်းကျင်ချမ်းသာပြီး Apple မှာ ရှယ်ယာ ၃.၃ သန်း ခန့် ပိုင်ဆိုင်ပါတယ်။

Apple ကုမ္ပဏီကလည်း တစ်နှစ်ဝင်ငွေ ပေါင် ၃၂၆ ဘီလျံခန့် ဝင်ပြီး ကမ္ဘာ့အကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ လက်ရှိ Apple ကုမ္ပဏီရဲ့တန်ဖိုးဟာ ပေါင် ၂ ထရီလီယံခန့် တန်ပါတယ်။ တကယ်လို့သာ မန်ချက်စတာယူနိုက်တက်အသင်းကို Apple ကုမ္ပဏီက ဝယ်ယူမယ်ဆိုရင် ဒီအသင်းဟာ နယူးကာဆယ်ယူနိုက်တက်ကို ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံးအသင်းတစ်သင်း ဖြစ်လာမှာပါ။  



Photo: macrumors

Apple အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ဖို့ အစီအစဉ်မရှိသေးပေမယ့် အားကစားကဏ္ဍဘက်မှာ ထိုးဖောက်မှုတွေ လုပ်ဆောင်နေပါတယ်။ လောလောဆယ် MLB နဲ့ ပူးပေါင်းပြီး Apple TV+ ကနေ ၂၀၂၂ ပုံမှန်ရာသီအတွင်း အပတ်စဉ် Friday Night Baseball အစီအစဉ် တင်ဆက်ဖို့လည်း ရှိပါတယ်။ Major League Soccer နဲ့ ပူးပေါင်းပြီးလည်း လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်ကစလို့ MLS ပုံမှန်ရာသီပွဲစဉ် ၊ ရုံးထွက်နဲ့ လိဂ်ဖလားပွဲစဉ်တွေကို Apple TV app ပေါ်ကနေ တိုက်ရိုက်ကြည့်နိုင်မယ့် MLS Season Pass ဝန်ဆောင်မှုသစ်ကို နိုင်ငံနဲ့ဒေသပေါင်း ၁၀၀ ကျော်အတွက် ဖြန့်ချိသွားဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က