Facebook နဲ့ Snapchat တို့ ပိုအထိနာခဲ့ပါတယ်

Facebook အပါအဝင် လူမှုကွန်ရက်ကုမ္ပဏီကြီးတွေဟာ Apple ရဲ့ မူဝါဒအပြောင်းအလဲကြောင့် ဒေါ်လာ ၁၀ ဘီလျံနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

Financial Times သတင်းအရ iPhone ပေါ်က Privacy Settings အပြောင်းအလဲဟာ အခု Meta လို့ ဖြစ်လာတဲ့ Facebook ၊ Twitter ၊ Snapchat နဲ့ YouTube တို့ကို ဒေါ်လာ ၉.၈၅ ဘီလျံခန့် အထိနာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ထဲမှာ App တွေအနေနဲ့ သုံးစွဲသူအချက်အလက်ကို ခြေရာခံမယ်ဆိုရင် User ရဲ့ ခွင့်ပြုချက် permission တောင်းဖို့ App Tracking Transparency (ATT) မူဝါဒသစ်ကို Apple က ကြေညာခဲ့ပါတယ်။ 



Photo: wccftech


ATT မူဝါဒသစ်ဟာ အခုနှစ်ဧပြီလထဲမှာ အသက်ဝင်ခဲ့ပြီး သုံးစွဲသူခြေရာခံမှုကို User ရဲ့ သဘောဆန္ဒမပါဘဲ မလုပ်နိုင်အောင် စတင် တားမြစ်လာခဲ့တာပါ။ iOS 14 သစ်မှာ ပါလာတဲ့ Apple ရဲ့ Privacy မူဝါဒသစ်ကို Facebook က လူသိရှင်ကြား ဝေဖန်ခဲ့သလို အနည်းဆုံး အမေရိကန်သတင်းစာ ၃ စောင်မှာလည်း တစ်မျက်နှာအပြည့်ကြော်ငြာထည့်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ 

iOS users တွေကို ပေးပို့တဲ့ Facebook ရဲ့ သတိပေးမက်ဆေ့ထဲမှာ "Apple က ထုတ်ကုန်နဲ့ မူဝါဒအပြောင်းအလဲ ကြေညာထားကြောင်းနဲ့ ဒီအပြောင်းအလဲတွေကြောင့် ကြော်ငြာတဲ့ပုံစံ ၊ ကြော်ငြာရဲ့ စွမ်းဆောင်ရည်ကို ကြည့်ဖို့နဲ့ ဖောက်သည်တွေနဲ့ ချိတ်ဆက်ရေးပေါ် သိသိသာသာ ထိခိုက်မှုရှိလာမယ့်အကြောင်း" ဖော်ပြထားပါတယ်။ ဒီမက်ဆေ့အောက်မှာတော့ iOS 14 ဟာ စီးပွားရေးလုပ်ငန်းတွေ ကြီးထွားမှုနဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ထိခိုက်နိုင်တဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်နဲ့ လင့်ခ်ချိတ်ထားပါတယ်။

Facebook ရဲ့ တိုက်ခိုက်မှုကို Apple CEO တင်မ်ကွတ်က "သုံးစွဲသူတွေဟာ သူတို့အချက်အလက်တွေကို ယူသုံးနေတဲ့အပေါ်မှာ ရွေးချယ်ခွင့် ရှိသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ Facebook အနေနဲ့ အရင်လို apps နဲ့ ဝက်ဘ်ဆိုက်တွေကို ဆက်ပြီး ခြေရာခံနိုင်ပါတယ်။ iOS 14 ထဲမှာ ပါတဲ့ App Tracking Transparency ကတော့ လူတွေရဲ့ ခွင့်ပြုချက်အရင် တောင်းခံဖို့ပဲ လုပ်ထားတာ ဖြစ်တယ်"လို့ Twitter မှာ ‌တုံ့ပြန်ထားပါတယ်။ 

Photo: TechSpot

ATT မူကြောင့် အထိခိုက်ဆုံးက လုပ်ငန်းအင်အားပိုကြီးတဲ့ Facebook ဖြစ်ပြီး စမတ်ဖုန်းတွေနဲ့ချိတ်ပြီး အဓိကကြော်ငြာနေတဲ့ Snap လည်း ဝင်ငွေရဲ့ ၁၃.၂% အထိ ဆိုးဆိုးဝါးဝါး အထိနာနေတယ်လို့ ဆိုပါတယ်။

"Facebook အနေနဲ့ ATT ကြောင့် သူ့ရဲ့ ယန္တရားကို အစကနေ ပြန်တည်ဆောက်ဖို့ လိုပါတယ်။ ကျွန်တော့်အထင် Infra သစ် ပြန်ဆောက်ဖို့ အနည်းဆုံး ၁ နှစ်လောက်တော့ အချိန်ယူရမယ် ထင်တယ်။ Tools တွေ ၊ Frameworks အသစ်တွေလည်း အစအဆုံး ပြန်ထုတ်ရမှာပါ။ ပြီးရင် Users တွေဆီ ထိုးမပေးခင် သေသေချာချာ စမ်းသပ်ရဦးမှာပေါ့"လို့ ကြော်ငြာနည်းပညာအတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ အဲရစ်ရှုးဖာ့တ်က ပြောပါတယ်။ 

Apple ရဲ့ ATT မူဝါဒကြောင့် ဒေါ်လာ ၁၀ ဘီလျံနီးနီး ဆုံးရှုံးမှုဟာ ထိပ်တန်းလူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ တတိယနဲ့ စတုတ္ထသုံးလပတ်ဝင်ငွေရဲ့ ၁၂% ခန့် ရှိတယ်လို့လည်း Lotame ကြော်ငြာနည်းပညာကုမ္ပဏီက Financial Times ကို ပြောပါတယ်။

Share

Loading Next Article...
က္က